(င)-ကျောင်းနေအရွယ်ကလေးများအားလုံးအခြေခံ ပညာသင်ကျောင်းများသို့တက်ရောက်သင်ကြားခြင်း ရှိ၊မရှိအားစိစစ်ဆောင်ရွက်နိုင်ရန်ကိစ္စ နှင့်စပ်လျဉ်း သည့် မေးခွန်း
ဗိုလ်မှူးတင့်လွင် (တပ်မတော်သားကိုယ်စားလှယ်)
မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်လျက်ရှိပါကြောင်း၊ ယင်းသို့တည်ထောင်ရာတွင် လူသားစွမ်းအားအရင်းအမြစ်များသည် အဓိကကျသဖြင့် လူ့စွမ်းအားအရင်းအမြစ်ထူထောင်ရာတွင် ကလေးသူငယ်များ၏ ပညာသင်ကြားရေးသည် အလွန်ရေးပါကြောင်း။
ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာအဆင့် အခမဲ့ပညာရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခမဲ့ပညာရေးဆိုသည်မှာ စာသင်ကျောင်းများကို လာရောက်အပ်နှံသော ကျောင်းသားများအတွက် စာရွက်စာတမ်း၊ သင်ထောက်ကူပစ္စည်းနှင့် သင်ကြားခ တို့အတွက် အခမဲ့ဝန်ဆောင်မှုပေးခြင်းဖြစ်ပါကြောင်း၊ သို့သော် အချို့သောကလေးငယ်များမှာ မိဘများ၏ အခြေခံပညာနည်းပါးမှု၊ ငွေကြေးချို့တဲ့မှုစသော အကြောင်းများကြောင့် စာသင်ခန်းများအတွင်းသို့ ရောက်ရှိနိုင်ခြင်း မရှိကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ် ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း ကျောင်းနေအရွယ်ကလေးငယ်များအားလုံး အခြေခံပညာသင်ကျောင်းများသို့ တက်ရောက်သင်ကြားခြင်းရှိ/မရှိ စိစစ် ဆောင်ရွက်နိုင်ခြင်းရှိ/မရှိနှင့် ကျောင်းနေအရွယ်ကလေးငယ်အားလုံး အစိုးရအခြေခံပညာကျောင်း သို့မဟုတ် အစိုးရအသိအမှတ်ပြု ကျောင်းများသို့ မသင်မနေရသင်ယူရေး စီမံဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။