ခ)-နိုင်ငံတစ်နိုင်ငံ၏အဂတိလိုက်စားမှုနှင့် လာဘ်ပေး/ယူမှုများကိုအဓိကဖြေရှင်းရန်အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်မည် သို့သောအရေးယူမှုများဆောင်ရွက်နေပါသနည်းနှင့် လုပ်ငန်းဆောင်ရွက်မှုအောင်မြင်မှုရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးတင်မောင်ဦး(ရွှေပြည်သာ) နိုင်ငံတော်အနေဖြင့်  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးက ဆောင်ရွက်နေသည့် အချိန်တွင် အဓိကစိန်ခေါ်မှုအဖြစ်ကြုံတွေ့နေရသည်မှာ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု များဖြစ်ပါကြောင်း၊ အစိုးရအသစ်ပေါ်ထွန်းလာချိန်မှ စတင်၍ သန့်ရှင်းတဲ့အစိုးရဖြစ်ပေါ်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းခြင်း၊ အမိန့်/ ညွှန်ကြားချက်များ ထုတ်ပြန်၍ ထိန်းကျောင်းခြင်းများကို ဆောင်ရွက်ရန်ရှိခဲ့ပါကြောင်း၊ သို့သော် လက်တွေ့အခြေအနေရှိ ကိန်းဂဏန်းများကို  အဓိကမထားဘဲ လေ့လာမည်ဆိုပါက နိုင်ငံတော်အတွင်း အဂတိလိုက်စားမှုများသည် လျော့နည်းပပျောက်သွား သည့်နေရာများရှိသကဲ့သို့ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုပြုနေသည့် ဌာနတော်တော်များများ တိုးပွားလာသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ကော်မရှင်များ၏ လုပ်ဆောင်မှုများ  အောင်မြင်မှုမရှိသည်မှာလည်း လုပ်ပိုင်ခွင့်အားနည်းမှုကြောင့် ဖြစ်သည်ဟု ပြည်သူများက သုံးသပ်ကြသည်ကို ကြားသိရပါကြောင်း၊ ထို့ကြောင့် (၁) အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဆိုပါကိစ္စများကို မည်သို့သောစနစ်နှင့် အရေးယူဆောင်ရွက်နေသည်။ တိုင်ကြားစာ (သို့) သတင်းအရ စစ်ဆေးခြင်းမျိုး ဟုတ်/မဟုတ်၊ (၂) ယခုထက်ပိုမို၍ လာဘ်ပေးလာဘ်ယူမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် ယခင်ကျင်‌့သုံးခဲ့ဖူးသော ပိုင်ဆိုင်မှုစစ်တန်းကောက်ယူမှုကို ကျင့်သုံးရန် အစီအစဉ် ရှိ/မရှိ၊ (၃) ယနေ့ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုကို အောင်မြင်မှုရှိ/မရှိဆိုသည်ကို မည်သို့သုံးသပ်သည်နှင့် (၄) ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်အောင်မြင်မှုမရှိကြောင်းနှင်‌့ အားရကျေနပ်ဖွယ်မရှိကြောင်း ဝေဖန်ပြောဆိုမှုအပေါ် မည်သို့ဖြေရှင်းလိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။