(ခ)-ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများရှိ ဆရာ၊ဆရာမများအား ပညာသင် ထောက်ပံ့ကြေး ထပ်မံတိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-17

ဦးသိန်းထွန်း (ကျောင်းကုန်း)ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ဘုန်းတော်ကြီးသင်အခြေခံ ပညာကျောင်းများတွင် ယခင်က ဆရာ ဆရာမများသည် လုပ်အားစေတနာအရလည်းကောင်း၊ အလှူရှင်များမှ ထောက်ပံ့၍လည်းကောင်း ပညာသင်ကြာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအစိုးရအဖွဲ့ လက်ထက်တွင် ဘုန်းတော်ကြီးသင်ကျောင်းများမှ လုပ်အားပေးဆရာဆရာမများအား သင့်တင့်သော ငွေကြေးထောက်ပံ့မှုများပေးခြင်း၊ ကျောင်းသားကျောင်းသူများကိုလည်း အစိုးရကျောင်းများနည်းတူ အထောက်အပံ့များ ပေးခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရအား အထူး ကျေးဇူးတင်ရှိနေကြပါကြောင်း၊ ကျောင်းသားကျောင်းသူများကိုလည်း အစိုးရကျောင်းများနည်းတူ အထောက်အပံ့များပေးကြသည်ကိုလည်း ဝမ်းသာပီတိရှိနေကြပါတယ်။ ကျောင်းကုန်း မြို့နယ်အနေဖြင့် ဘုန်းတော်ကြီးသင်ကျောင်းနှစ်ကျောင်းရှိရာ ဂျပန်ဖောင်ဒေးရှင်းအကူအညီနဲ့ ကျောင်းများဆောက်လုပ်ထားရှိခြင်း၊ ဘွဲ့ရ တက္ကသိုလ်ဝင်တန်းအောင် ဆရာ ဆရာမများဖြင့် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားခြင်းတို့ ဆောင်ရွက်လျက် ရှိနေကြပါကြောင်း၊  ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းရွာသစ်၊ ရွှေညောင်ပင်ဘုန်းတော်ကြီးသင် မူလတန်း ကျောင်းတွင် ကျောင်းသားပေါင်း ၃၈၅ ဦး၊ ဆရာဆရာမ ၁၇ ဦးနှင့် အမှတ်(၁)ရပ်ကွက် ဘုန်းတော်ကြီးသင် မူလတန်းကျောင်းတွင် ကျောင်းသားပေါင်း ၁၂၁ ဦး၊ ဆရာဆရာမ ရှစ်ဦးတို့ ရှိကြပါကြောင်း၊ ယခုအခါ ဆရာဆရာမများအား နိုင်ငံတော်မှပညာသင်ထောက်ပံ့ငွေမှာ တစ်လလျှင် ငွေကျပ် ၄၀၀၀၀ ကျပ်ခန့် သာ ချီးမြှင့်ပေးခဲ့သော်လည်း ခေတ်ကာလအလျှောက် ရပ်တည်မှုရရှိရန် အလွန်မှခက်ခဲလှသည့်အတွက် ဆရာတော်များမှ ထပ်မံထောက်ပံ့နေရသော အနေအထားရှိနေပါကြောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများ အနေဖြင့် ဆင်းရဲချို့တဲ့သော ကျောင်းသားများအား အစားအသောက်၊ အဝတ်အစားမှအပ ပံ့ပိုးပေးနေရ ခြင်း၊ စာရိတ္တ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားဆောင်ရွက်နေရခြင်းစသော ကျေးလက်၏ တာဝန်များကိုလည်း ထမ်းဆောင်နေရပါကြောင်း၊ အဆောက်အဦများကိုလည်း ၎င်းတို့ အစီ အစဉ်ဖြင့်သာ ပြည့်စုံလုံလောက်ဆောက်လုပ်ထားရှိပြီးဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် သင်ကြားလျက်ရှိသော ဆရာဆရာမ များအား ပညာသင်ထောက်ပံ့ကြေးငွေများ ထပ်မံတိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။