(စ)-ဗန်းမောက်မြို့နယ်အတွင်း ပင်ပုံကျေးရွာအုပ်စု၊ ရွှေနစ်ရွာအနီး ချောင်းကြီးချောင်း ရေလွှဲဆည် တည်ဆောက်ပြီး ၇ လအတွင်း ပျက်စီးသွားခြင်းကိစ္စအား မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နိုင်ငံတော်က ဆောင်ရွက်ခွင့်ပြုခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ငွေလုံးငွေရင်း ကျပ် ၃၇ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တင်ဒါခေါ်ယူပြီး ဆောင်ရွက်ခဲ့သည် ဟု လည်းသိရှိရကြောင်း၊ ကြီးကြပ်သူ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန အင်ဂျင်နီယာက ဥက္ကဋ္ဌမြို့နယ် စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်စီမံကိန်း ဦးစီးမှူးထံ ၂၅-၁-၂၀၁၇ ရက်နေ့တွင် စတင် ဆောင်ရွက်ပြီး ၃၁-၃-၂၀၁၇ ရက်နေ့၌ ပြီးစီကြောင်း အစီရင်ခံခဲ့ကြောင်း၊ အောက်တိုဘာလ အတွင်းတွင် ဆည်ပျက်စီးနေသည်ကို တွေ့ရှိရသည့်အတွက် မေးမြန်းရခြင်း ဖြစ်ကြောင်း၊
ကောင်းမွန်သော ဘဏ္ဍာရပ်ဝင်းဖြစ်စေရန် စီမံကိန်းများကို သတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်ခြင်း၊ ဝန်ကြီးဌာနများမှ အရည်အသွေး မီရန်ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် စနစ်တကျ ဆောင်ရွက်ပြီး တာဝန်ယူ၊ တာဝန်ခံမှု ပြုလုပ်ရမည် ဖြစ်ကြောင်း၊
ကန်ထရိုက်စနစ်များဖြင့် ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းများ လမ်းညွှန်ချက်၊ ရည်မှန်းချက် လုပ်ငန်းစဉ်များကို နိုင်ငံတော်မှ စနစ်တကျ ပြဋ္ဌာန်းထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများကလည်း လိုက်နာကျင့်သုံး ရမည်ဖြစ်ကြောင်း၊
၉-၅-၂၀၁၇ ရက်နေ့တွင် တွေ့ရှိရသည့် ပုံအရ ၃၁-၃-၂၀၁၇ ရက်နေ့တွင် ပြီးစီးသည်ဟု အစီရင်ခံခဲ့သော်လည်း အမှန်တကယ် မပြီးသေးပါကြောင်း၊
ချောင်းရေ နှစ်ရက်ကြီးပြီး ဆည်ပေါ်တွင် ရေဖြတ်စီးသွားသည့် အချိန်တွင် ရေကျကြမ်းပြင် ပေါက်ပြဲသွားပါကြောင်း၊ ကြမ်းခင်းစလစ်ပြင် အရည်အသွေး ညံ့ညံ့ တည်ဆောက်ထားသည့် အတွက် ကြမ်းခင်းအပေါက်များကို တူးကြည့်သည့်အခါ အောက်ခြေမြေသားပေါ်တွင် ကျောက်တုံး အနည်းငယ်တင်ပြီး လုပ်ထားသည့်အတွက် အမာခံ မရှိဖြစ်နေသည်ကို တွေ့ရကြောင်း၊ ၁-၁၂-၂၀၁၇ ရက်နေ့ သွားရောက်ကြည့်သည့်အခါတွင် ပြန်လည် ပြင်ဆင်ထားခြင်း မရှိသေးသည့် အတွက် မိမိတို့က ပြင်ဆင်ရန် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၃-၁-၂၀၁၈ ရက်နေ့ သွားရောက် ကြည့်ရှုသည့်အခါ တချို့နေရာများတွင် ပြင်ဆင်ထားသော်လည်း ရေမြောင်းကို ပြင်ဆင်ထားခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ လယ်ယာရေသွင်းမြောင်းကို လယ်ရေသွင်းဖို့ရာအတွက် ဆည်ဆောက်ထားသော်လည်း ရေမြောင်းထဲ ရေဝင်နိုင်မှု Plan ကို လုပ်ပေးနိုင်ခြင်း မရှိသေးကြောင်း၊
ကန်ထရိုက်စနစ်ဖြင့် တင်ဒါခေါ်ယူပြီး ဆောင်ရွက်မှုတွင် ကုမ္ပဏီ၏ တာဝန်ခံ လာရောက် လုပ်ကိုင်သည်ကို မတွေ့ရသည့်အပြင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ခရိုင် အင်ဂျင်နီယာကသာ ဆောင်ရွက်နေခြင်း၊ စစ်ဆေးခံရန် အကြောင်းကြားသည့် အချိန်တွင်လည်း ခရိုင်အင်ဂျင်နီယာကသာ လာရောက်ပြီး ရှင်းလင်းခြင်း ဆောင်ရွက်သည့်ကို တွေ့ရှိရပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ရေကြီးခြင်းကြောင့် ပျက်စီးရခြင်း မဟုတ်ဘဲ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ခြင်း၊ ကြီးကြပ်ရန် ပျက်ကွက်ခြင်းများကြောင့် ပျက်စီးရခြင်းဖြစ်သည်ကို တွေ့ရှိရသည့်အတွက် ဗန်းမောက်မြို့နယ်၊ ပင်ပုံကျေးရွာအုပ်စု၊ ရွှေနစ်ရွာအနီး၊ ချောင်းကြီး ချောင်းရွာ ရေလွှဲဆည်တည်ဆောက်ပြီး ၇ လအတွင်း ပျက်စီးသွားခြင်းကို တည်ဆောက်သူများမှ မည်သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် ပျက်စီးသွားခြင်းအပေါ် ဝန်ကြီးဌာနက တာဝန်ရှိသူများကို မည်သို့ အရေးယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။