(ခ)-ရေဝေရေလဲ ဒေသ စီမံအုပ်ချုပ်မှု လုပ်ငန်းများ ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန်အတွက်သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ မည်ကဲ့သို့ စီမံဆောင်ရွက် လုပ် ကိုင်နေသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်း စသည့် အဓိကမြစ်ကြီးလေးသွယ်ရှိပြီး
ထိုမြစ်ကြီးများထဲကိုစီးဝင်နေသော မြစ်လက်တက်များလည်း ရှိပါကြောင်း၊ အဆိုပါ မြစ်ကြီးလေးသွယ်၏ မြစ်လက်တက်များ၏ ရေဝေရေလဲဒေသများသည် အများအားဖြင့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် ထိန်းသိမ်းထားသော သဘာဝနယ်မြေများ ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနဟာ အဆိုပါသစ်တောနယ်မြေများကို ထိန်းသိမ်းစီမံအုပ်ချုပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှာ ယနေ့အထိ ဆည်တာတမံပေါင်း ၁၃၀၀ ကျော်တည်ဆောက်ထားပြီး ယင်းတာတမံများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းကို ဆည်မြောင်း ဦးစီးဌာနက ဆောင်ရွက်ပါကြောင်း၊ သစ်တောဦးစီးဌာနတွင် ရေဝေရေလဲစီမံအုပ်ချုပ်မှု ဌာနရှိပြီး ဝန်ထမ်းများအား ရေဝေရေလဲထိန်းသိမ်းရေးနှင့် သက်ဆိုင်သောသင်တန်းများပို့ချခြင်း၊ ရေဝေရေလဲဒေသတွင် တည်ထောင်သော စိုက်ခင်းများနှင့် ထိန်းသိမ်းရေးကိန်းဂဏန်းအချက်အလက်များ စုဆောင်းခြင်း၊ တင်ပြခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါကြောင်း၊ သစ်တောဦးစီးဌာနသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ သစ်တောကဏ္ဍနှင့်ပတ်သက်သည့် စီမံအုပ်ချုပ်မှုထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရသည့်အတွက် ရေဝေရေလဲဒေသ စီမံအုပ်ချုပ်မှုလုပ်ငန်းများကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရပါကြောင်း၊ ဆည်တာတမံများတွင် စုဆောင်းထားရှိသောရေကို စိုက်ပျိုးရေး၊ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး၊ မြို့ပြနှင့် ကျေးလက်ရေပေးဝေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စသည့် လုပ်ငန်းများ၌ သုံးစွဲလျက်ရှိသည့်အတွက် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးသည် သစ်တောဦးစီးဌာန ရေဝေရေလဲဒေသစီမံအုပ်ချုပ်မှုဌာန တစ်ခုတည်း၏ လုပ်ငန်းတာဝန်မဟုတ်ဘဲ ယင်းဆည်တာတမံမှရေကို အသုံးပြုသည့်ဌာန၊ အဖွဲ့အစည်းများ သုံးစွဲသူများနှင့်လည်း သက်ဆိုင်ပါကြောင်း၊ ရေဝေရေလဲလုပ်ငန်းများ ထိန်းသိမ်းရေး လုပ်ငန်းသည် အရေးကြီးသောလုပ်ငန်း တစ်ခုဖြစ်သည့်အတွက် ယခင် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်တွင် သီးခြားရေဝေရေလဲ ထိန်းသိမ်းရေးဦးစီးဌာနကို ဖွဲ့စည်းဆောင်ရွက်ရန် စီစဉ်ခဲ့သည်ကို သိရပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ အမျိုးသားရေးမူဝါဒတွင် ဆည်တာတမံ ရေအရင်းအမြစ်နှင့် သက်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုတည်ဆောက်မှု လုပ်ငန်းများ ပြုလုပ်နေရင်း ရေဝေရေလဲဒေသတွင် ရေအရင်းအမြစ်များ ရေရှည်ထိန်းသိမ်းရန်အတွက် အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ၏ အချိုးတစ်ခုကို သတ်မှတ်သင့်ကြောင်း ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ရေဝေရေလဲဒေသစီမံအုပ်ချုပ်မှုလုပ်ငန်းများ ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ မည်ကဲ့သို့စီမံလုပ်ကိုင်ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။