(ခ)-လားရှိုးမြို့မှ သိန္နီမြို့အထိ အာဆီယံဟိုက်ဝေး လမ်း AH14 လမ်းကိုလမ်းဖောက်ချဲ့ရာတွင်အစီအ စဉ်များအားပြည်သူများထံအသေးစိတ်ချပြဆွေးနွေး ညှိနှိုင်းမှုများရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှ သိန္နီမြို့အထိ အာဆီယံဟိုက်ဝေးလမ်း AH 14 လမ်းကို တိုးချဲ့ဖောက်လုပ်နေဆဲဖြစ်ပြီး အဆိုပါ လမ်းကို ကွတ်ခိုင်-မူဆယ်မြို့ အထိ တိုးချဲ့ဖောက်လုပ်မည်ဟုလည်း ကြားသိနေရပါကြောင်း၊ ထိုလမ်းကို တိုးချဲ့ဖောက်လုပ်နေသဖြင့် လမ်းနားဘေးတွင် နေထိုင်ကြသည့် ပြည်သူများ၏ တိုက်တာ၊ အိုးအိမ်များ၊ အဆောက်အအုံများ၊ ခြံစည်းရိုးများ၊ ဥယျာဉ်၊ ခြံမြေများနှင့် လယ်ယာမြေများအပါအဝင် အစစအရာရာ ထိခိုက်ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရပါကြောင်း၊ ထို့အတူ မိမိနေထိုင်ရာနေရာသို့ လမ်းတိုးချဲ့မှု့ မရောက်သေးသည့် ပြည်သူများလည်း စိုးရိမ်ပူပန်နေကြပါကြောင်း၊ ထို့ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် သက်ဆိုင်ရာသို့ တင်ပြတောင်း ဆိုပေးပါရန် ဒေသခံပြည်သူများမှ မိမိထံ တင်ပြလာသည့်အတွက် အောက်ပါမေးခွန်းများကို သိရှိလိုပါကြောင်း (က) လမ်းဖောက်ချဲ့မည်ဆိုပါက အစီအစဉ်များအား ပြည်သူများထံသို့ အသေးစိတ် ချပြဆွေးနွေးညှိနှိုင်းမှုများ ရှိ/မရှိ၊ (ခ) ပျက်စီးဆုံးရှုံးသွားသော ပြည်သူများ၏ ပိုင်ဆိုင်မှုများအားလုံး ထိုက်တန်သော လျော်ကြေးငွေများ ပေးလျော်ရန် အစီအစဉ်ရှိ/မရှိနှင့် (ဂ) လျော်ကြေးငွေများပေးပါက မည်မျှ ပမာဏအတိုင်းအတာအထိ ပေးလျော်မည်တို့နှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်းမေးမြန်းပါသည်။