(က)-ရခိုင်တိုင်းရင်းသားများ ဖြစ်ကြသောမြိုနှင့်ခမိ တို့အား မြို(ခ)ခမိ (သို့) မြို/ခမိဟုသုံးနှုန်းခြင်းသည် တရားဝင်မှုရှိ/မရှိနှင့်(မြို(ခ)ခမိအမျိုးသားညီညွတ်ရေး အဖွဲ့)ဟုဖွဲ့စည်းထားခြင်းအပေါ်မည်သို့ဆောင်ရွက် သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုးရှိသည့်အနက် မြို၊ ပက်၊ ဒိုက်နက်၊ ရခိုင်၊ ခမီ၊ မာရမာကြီး၊ ကမ္မန်လူမျိုးများဟူ၍ ရခိုင် မျိုးနွယ်စု ခုနစ်မျိုးပါဝင်ပါကြောင်း၊ အခွင့်အရေးကို လိုလားသူတစ်စုတို့က မြိုနှင့် ခမီသည် လူမျိုးတစ်မျိုးတည်းဖြစ်ကြောင်း ဝါဒဖြန့်ချိရာ မြို (ခေါ်) ခမီ ဟူ၍ အဖွဲ့အစည်း တစ်ခုဖွဲ့စည်းကာ မြိုလူမျိုးများနှင့် ခမီလူမျိုး များပေါင်းစည်းထားသည့် အဖွဲ့ဟူ၍ ပေါ်ပေါက်လျက် ရှိသော်လည်း ယခုအချိန်ထိ ခမီနှင့် မြိုလူမျိုးများသည် ဘာသာစကား၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှုများသည် သီးခြား ရပ်တည်နေကြခြင်းဖြစ်ပါကြောင်းနှင့် ယခု အဖွဲ့အစည်းကို ခမီလူမျိုးများ နှင့် မြိုလူမျိုးစစ်များက လက်ခံမှုမရှိပါကြောင်း၊
၁၉၉၀ ခုနှစ်၊ ပါတီစုံရွေးကောက်ပွဲတွင် မြို (ခေါ်) ခမီအမျိုးသား ညီညွတ်ရေးအဖွဲ့ ပါတီအဖြစ် ဝင် ရွေးကောက်ခံခဲ့ကြသည့်ကို မြိုတိုင်းရင်းသားပါတီနှင့် ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ မြို (ခေါ်) ခမီ သို့မဟုတ် မြို/ခမီ ခေါ်ဝေါ်သုံးနှုန်းခြင်းကို ကန့်ကွက်ခဲ့ပါကြောင်း၊ ထိုသို့ ခေါ်ဝေါ်ခြင်းဖြင့် မျိုးနွယ်စု အချင်းချင်း သဘောထား ကွဲပြားကာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်နေသည့်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ (၁) နိုင်ငံတော်မှ မြိုနှင့် ခမီတို့အား သီးခြား လူမျိုး အဖြစ် အသိအမှတ်ပြုပြီးဖြစ်ရာ မြို (ခေါ်) ခမီ သို့မဟုတ် မြို/ခမီ ဟုသုံးနှုန်းခြင်းသည် တရားဝင်မှုရှိ/ မရှိ၊ (၂) မြို (ခေါ်) ခမီအဖွဲ့အစည်း၊ မြို(ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ဟု ဖွဲ့စည်းထားခြင်း အပေါ် မည်သို့ ဆက်လက်ဆောင်ရွက်သွားပါမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။