(က)-ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့အား ဆက်သွယ်ထားသော လပွတ္တာထိပ်စွန်း လမ်းမ ကြီးပေါ်ရှိအုတ်တွင်းနှင့်သောင်လေးကြားရှိမြေသား လမ်းတို့အားကျောက်ခင်းလမ်းအဖြစ်ဆောင်ရွက်ပေး ရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ငပုတောမြို့နယ်သည် ပင်လယ်၏ ထွက်ပေါက်ဖြစ်ပြီး ရေပတ်လည်ဝိုင်းနေသည့် ကျွန်းများနှင့် ကျေးရွာအုပ်စုများ တည်ရှိနေပါကြောင်း၊
နာဂစ်မုန်တိုင်း ဖြစ်သည့်အချိန်တွင် ဆက်သွယ်ရေးလမ်းများ မရှိသည့်အတွက်ကြောင့် ရေလမ်းခရီးကို အဓိကထားသွားသည့်အခါတွင် မိမိတို့ လူ့အသက်ပေါင်းများစွာ သေဆုံး ခဲ့ကြရပါကြောင်း၊ ထို့ကြောင့် နာဂစ်အပြီး ပြင်ခရိုင်ကျွန်းနှင့် အလယ်ကျွန်းမှနေပြီး လပွတ္တာမြို့နယ်ကို ဆက်သွယ်ထားသည့် လပွတ္တာ-ထိပ်စွန်းလမ်းမကြီးကို စီမံကိန်းချပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်အခါတွင် တံတားများလည်းပြီးပါကြောင်း၊ လမ်းများမှာ မြေသားလမ်းများပြီးပြီး တစ်ချို့နေရာများတွင် ကျောက်ခင်းထားခြင်းရှိသော်လည်း အမှန်တစ်ကယ်ဆက်သွယ်ရမည့် ပြင်ခရိုင်ကျွန်းတွင် ရှိသည့်ပြင်တိုက်နယ်ဆေးရုံနှင့် မန်ကျည်းပင်တိုက်နယ်ဆေးရုံကိုသွားမည့် ကျွန်းနှစ်ကျွန်းမှ ကျေးရွာ အုပ်စုများသည် မြေသားလမ်းများဖြစ်နေသည့်အတွက် မိုးရာသီတွင် ကျန်းမာရေး၊ ပညာရေး၊ အခြားစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ခရီးသွားလာရန် အလွန်ခက်ခဲခြင်း၊ မိုးရာတွင် ရေလမ်းခရီးကိုသာ အဓိကထားသွားလာရသည့် အတွက် မုန်တိုင်းများတိုက်ခတ်ခံရခြင်းကို မကြာခဏတွေ့ကြုံရခြင်းနှင့် ဆက်သွယ်ရေးခက်ခဲခြင်းများ တွေ့ကြုံရပါကြောင်း၊ ထို့ကြောင့် ၎င်း ဆက်သွယ်ထားသည့် မြေသား လမ်းများကို ကျောက်ခင်းလမ်းများ လပွတ္တာ-ထိပ်စွန်းလမ်းမကြီးပေါ်ရှိသည့် အုတ်တွင်းနှင့် သောင်ကလေးကြားတွင်ရှိသည့် မြေသားလမ်း၊ ကညင်ငူရွာနှင့် မန်ကျည်းပင်ရွာကြားတွင် ရှိနေသည့် မြေသားလမ်းများကို ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ရေပေါ်ကြီးမှ အထက်ပြွန်ရွာ သစ်ပုတ္ထိပ်ရွာသို့ ဆက်သွယ်ထားသည့် မြေသားလမ်းကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။