(ဂ)-ပွင့်လင်းမြင်သာမှုလည်းမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်လည်းမညီသော မြို့ကွက်သစ် အိမ်ရာ စီမံကိန်းကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
တောင်ကုတ်မြို့နယ်အတွင်း ဧရိယာ ၄၈၀ ရှိပြီး မြို့၏တောင်ဘက်တွင်ရှိသော ယခင်အစိုးရလက်ထက် တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြို့သစ်စီမံကိန်းကို မိမိလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာချိန်တွင် ပြည်သူလူထု၏ တိုင်ကြားချက်များ၊ မေးမြန်းတင်ပြချက်များကြောင့် မြေပြင်သွားရောက် စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း၊ လေ့လာစုံစမ်းချက်အရ ထိုမြို့သစ်စီမံကိန်းသည် ပွင့်လင်းမြင်သာမှု အားနည်းပြီး ပြည်သူလူထု ၏သံသယမျိုးစုံဖြင့် စောင့်ကြည့်ခြင်းခံနေရသော စီမံကိန်းလည်းဖြစ်ပါကြောင်း၊ ၁၈၉၈ ခုနှစ်၊ မြန်မာ နိုင်ငံတော်ဆိုင်ရာအက်ဥပဒေ ပုဒ်မ ၃ အရ မြို့ဆိုသည်မှာ နိုင်ငံအစိုးရမင်းတို့က ယခုအက်ဥပဒေအလို့ငှာ မြို့ဖြစ်ကြောင်းနှင့် အမိန့်ကြော်ငြာစာထုတ်ဆင့်ပြဋ္ဌာန်း သို့မဟုတ် ၁၈၉၂ ခုနှစ်၊ မြန်မာနိုင်ငံတော်အောက် ပိုင်းဆိုင်ရာ မြို့ပြအက်ဥပဒေအလို့ငှာဖြစ်စေ မြူနီစပယ်သော်လည်းကောင်း၊ မြို့သော်လည်းကောင်း တည်ထောင်သည့်ရပ်ကွက်တစ်စုံတစ်ရာကိုဆိုလိုပါကြောင်း၊ ထိုပြဋ္ဌာန်းချက်အရ နိုင်ငံတော်အစိုးရ၏ အမိန့်ကြော်ငြာစာများ၊ ပြဋ္ဌာန်းချက်များနှင့်အညီသာ မြို့ကွက်သစ်များကို ဖော်ဆောင်ခွင့်ရှိပါကြောင်း၊
ထို့အပြင် အစိုးရသစ်၏မူဝါဒအရ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့်စနစ်တစ်ရပ်ကို ဦးတည် နေချိန်တွင် ပွင့်လင်းမြင်သာမှုအားနည်းပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သော မြို့ပြစီမံကိန်း များကို ပြန်လည်စိစစ်သင့်ပါကြောင်း၊ တွေ့ရှိချက်အရ စီမံကိန်းအနေနှင့်သာ ခွင့်ပြုခဲ့ပြီး ထိုစီမံကိန်းကို အကောင်အထည်ဖော်မည့် မြေဧရိယာတွင် ဓနိမြေ၊ လယ်ယာမြေနှင့် မြေလွတ်မြေရိုင်းများပါဝင်နေပါ ကြောင်း၊ ၎င်းတို့အနက် ဓနိမြေ ၅.၁၉ ဧကအတွက်သာ အခြားနည်းသုံးစွဲခွင့်ရရှိခဲ့ပြီး ကျန်ဧကများအတွက် အခြားနည်းသုံးစွဲခွင့်မရရှိသေးဘဲ ထိုစီမံကိန်းကို ဥပဒေမဲ့ အကောင်အထည်ဖော်နေခြင်းသာဖြစ်ပါ ကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ အခြားနည်းသုံးစွဲခွင့်မရှိဘဲ သုံးစွဲပါက မည်သည့်ပြစ်ဒဏ်ရှိ သည်ကို ဥပဒေတွင် တိတိကျကျဖော်ပြထားပြီးဖြစ်ပါကြောင်း၊
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မြေယာအသုံးချမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒအရ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ ဆောင်ရွက်ရေးကို ဦးတည်သည်ဟု ပါရှိပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒ၏လမ်းညွှန်မှုများ ၇(ခ)တွင် မြေနှင့်သဘာဝ အရင်းအမြစ်များ စီမံအုပ်ချုပ်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုခိုင်မာစေရန်ဟူသော အချက်လည်း ပါဝင်ပါကြောင်း၊
ထို့ကြောင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ဥပဒေမဲ့မြို့ကွက်သစ်ဖော်ဆောင်နေခြင်းသည် တစ်ချိန် တွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပွင့်လင်းမြင်သာမှု လည်းမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီသော မြို့ကွက်သစ်အိမ်ရာစီမံကိန်းကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။