(ဃ)-ပေါင်မြို့နယ်တွင် နွေစပါး စိုက်ပျိုးသည့် တောင်သူများ၏ စိုက်ပျိုးမြေများ ရေဖူလုံစွာ ရရှိရေး အတွက် ကတိုက်ဆည်မှ ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်မည့် နည်းလမ်းသစ်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပေါင်မြို့နယ်ရှိ ပြည်သူများ အနေဖြင့် မိုးစပါးကို အဓိကထားစိုက်ပျိုးနေရပါကြောင်း၊ နောက်ပိုင်းတွင် ချောင်း၊ မြောင်းများ နုန်းတင်လာပြီး ပင်လယ်ဆားငံရည်များ တက်လာသည့်အတွက် မိုးရာသီတွင် ရေကြီးရေလျှံမှုနှင့် ကြုံတွေ့လာရသည့်အတွက် စပါးအထွက်နှုန်းများ ကျဆင်း လာပြီး ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရပါကြောင်း၊ ၂၀၀၄ ခုနှစ်တွင် ကတိုက်ဆည်ကို တည်ဆောက်ပြီး နွေစပါးအတွက် ဧက ၁၀၀၀၀ စီမံကိန်းဧရိယာသတ်မှတ်ပြီး နွေစပါးစိုက်ပျိုးနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း တူးမြောင်းများ ကောလာသောကြောင့် ရေကြီးရေလျှံမှု နဲ့ကြုံတွေ့ရပါကြောင်း ၊ နှစ်တိုင်းတူးမြောင်းတူးဖော်ရန် ဘတ်ဂျက် ချပေးခဲ့သော်လည်းထိရောက်မှုမရှိပါကြောင်း၊ ပေါင်မြို့နယ်တွင် နွေစပါးအတွက် သတ်မှတ်ဧရိယာ သည် ၁၀၀၀၀ ဖြစ်သော်လည်း စိုက်ပျိုးသည့် လူဦးရေတိုးမြင့်လာခြင်း၊ လယ်မြေများ တိုးမြှင့်လာခြင်း၊ မြေနုကျွန်းများ ထွက်လာသည့် အတွက်ကြောင့် လယ်စပါးစိုက်ပျိုးသူများ ပိုမို အားစိုက်လာခြင်းတို့ကြောင့် နွေရာသီရောက်တိုင်း ရေပြဿနာနှင့် ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ရေပေးဝေမှု ပုံစံကို ပြန်လည် စိစစ်သင့်ပါကြောင်း၊ ချောင်းကော၊ မြောင်းကောများကို ပြုပြင်ပြင်ဆင်သင့်သကဲ့သို့ တူးမြောင်းကြီးများကိုလည်း ပြန်လည်ပြီး တူးဖော်ရန် လိုအပ်ပါကြောင်း၊ ရေလှောင်တမံအသေးစား များကို ပုံစံပြောင်းပြီး ပြင်ဆင်သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ နွေစပါး စိုက်ပျိုးရေးကောင်းမွန်စေရန်အတွက် ရေလုံလောက်စွာဖြန့်ဝေပေးနိုင်မည့် နည်းလမ်းအသစ်များကို မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။