(ဆ)-မောက်မယ်မြို့နယ်ရှိ အဓိကရေအရင်းအမြစ်ဖြစ်သော နမ့်ယွန်းချောင်း၏ ရေငုပ်ကွယ်ပျောက်ဧရိယာအား ရှောင်ကွင်းတူးမြောင်း ဖောက်လုပ်ပေးရန်၊ ရေစီးရေလာပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

မောက်မယ်မြို့နယ်တွင် ရေထွက်များစုစည်းအားဖြင့် အကျိုးပြုနိုင်သော ရေချောင်းများစွာ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး ၎င်းချောင်းများအနက် အရှည်လျားဆုံးနှင့် အကျိုးပြုမှုအများဆုံးချောင်းသည် နမ့်ယွန်းချောင်းဖြစ်ပြီး တောင်ပေါ် ဒေသတွင် အခြေပြုမြစ်ဖျားခံ၍ လယ်ဧကပေါင်းများစွာကို အကျိုးပြုပေးနေပါကြောင်း၊ မြို့ဧရိယာကို ဖြတ်သန်း စီးဆင်းပြီးမှ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ချောင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ မိုးရာသီတွင် တောင်ကျ ချောင်းရေများသည် ရေကြီးစေနိုင်ပြီး နွေရာသီတွင် ရေအဆမတန် နည်းပါးလာသည်နှင့်အမျှ တစ်နှစ်ထက်တစ်နှစ် ပိုမိုသိသာလာပါကြောင်း၊ မောက်မယ်မြို့နယ်ရှိ ရေအရင်းအမြစ်များအားလုံး နမ့်ယွန်းချောင်းအတွင်းသို့ စီးဝင်ကြ ပါကြောင်း၊

နမ့်ယွန်းချောင်းသည် ဟိုလွိုင်ကျေးရွာအုပ်စု၊ နမ့်ယွန်း(ခ)နမ့်ကွိုင်ရွာ၏ အနောက်ဘက်တောင်ကြားတွင် မြစ်ဖျားခံ၍ ရှည်လျားသော ကျောက်လှိုဏ်ဂူအတွင်းမှ ထွက်ပေါ်လာကာ ရွာ၏အနောက်ဘက် နှစ်မိုင်အကွာတွင် ချောင်း တစ်ချောင်းလုံး ဂူပေါက်အတွင်းသို့ ငုပ်လျှိုးကွယ်ပျောက်ကာ နှစ်မိုင်ခန့်ကွာဝေးသောအရပ်တွင် ပြန်ပေါ်ပါကြောင်း၊ သို့ရာတွင် မူလချောင်းရေထက် နည်းပါးသွားသဖြင့် ရေငုပ်ကွယ်ပျောက်သွားသော ဧရိယာအတွင်း ချောင်းရေများ အလဟဿဆုံးရှုံးမှု ဖြစ်စေပါကြောင်း၊ ယခင်ခေတ်က လယ်သမားများ စုပေါင်းအားဖြင့် မြေအိတ်ပေါင်းများစွာဖြင့် တွင်းပေါက်ကို ဝိုင်းဝန်းပိတ်ဆို့ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါကြောင်း၊ စက်ယန္တရားရှားပါးသည့် ခေတ် ကာလဖြစ်၍ နမ့်ယွန်းချောင်းရေအားပိုမိုတိုးပွားလာစေရန် မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ ဒေသခံလယ်သမားများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ ရေငုပ်ကွယ်ပျောက် ဧရိယာအထက် ပေ ၃၀၀ အကွာတွင် ရေလွှဲမြောင်းဖောက်လုပ်ပြီး ပေရှည် ၁၅၀၀ ဝန်းကျင်ခန့် ရေလွှဲလမ်းကြောင်းဖောက်ပါက မူလချောင်းရေများ ရေအားပိုမိုတိုးပွားလာမည် ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ စက်ယန္တရားများဖြင့် အလွယ်တကူ ဝင်ရောက်ဆောင်ရွက်နိုင်မည့် အနေအထားရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့သည့် အများပြည်သူလူထု အကျိုးပြု နိုင်မည့် လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မောက်မယ်မြို့နယ်ရှိ အဓိက ရေအရင်းအမြစ်ဖြစ်သော နမ့်ယွန်းချောင်းရေ၏ ရေငုပ်ကွယ်ပျောက်ဧရိယာအား ရှောင်ကွင်း တူးမြောင်း ဖောက်လုပ်ခြင်း၊ ရေစီးရေလာပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ပေးခြင်းတို့နှင့် စပ်လျဉ်းသည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။