(စ)-တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် အများပြည်သူ စိတ်ပါဝင်စားပြီး လုပ်ကိုင် လိုစိတ်ရှိလာစေရန် တာဝန်ရှိသူ အဆင့်ဆင့်က ကျေးလက်ဒေသအထိ အနီးကပ်ကြီးကြပ် အသိပညာပေးရေးနှင့် ကူညီပံ့ပိုးမှုပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရေခံမြေခံကောင်းသည့်နိုင်ငံဖြစ်၍ မြေပြန့်ပေါများပြီး ရာသီ စိုက်ပျိုးသီးနှံများဖြစ်ထွန်းသည့် နိုင်ငံဖြစ်ပါကြောင်း၊ စံနှုန်းမြင့်သည့် ဆန်စပါး ကောက်ပဲသီးနှံများကို မထုတ်လုပ်နိုင်ရခြင်းအကြောင်းကို ဆန်းစစ်ရန်လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ သည်လည်း တောင်သူလုပ်ငန်းတစ်ခုတည်းသာ ရပ်တည်မည်ဆိုပါက တစ်လည်လည် ဖြစ်လိမ့်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကျယ် တောင်သူလယ်သမားကြီးများ၊ လုပ်ကွက်ငယ်ခြံသမား၊ လယ်သမားများ၊ တစ်နိုင်တစ်ပိုင်မွေးမြူရေးသမားများသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးသမားများကလည်း မွေးမြူရေးလုပ်ငန်းများ၊ လယ်သမားများကလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်မှသာ လူမှုဘဝလုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဆင်းရဲသားဘဝမှ လွတ်မြောက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ဘဝလုံခြုံရေး၊ ဆင်းရဲသားလျှော့ပေါ့ရေး၊ အပိုဝင်ငွေတိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့အတွက် နိုင်ငံတော်အဆင့်မှသည် ကျေးလက်ဒေသအထိအဆင့်ဆင့်သော အသိပညာရှင်များ၊အတတ်ပညာရှင်များမှ အနီးကပ်ကြီးကြပ်ပြီး အသိပညာပေးရန် လိုအပ်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် ဥပမာအားဖြင့် မြေအချဉ်ပေါက်ပါက တစ်ဧက စပါး အထွက်နှုန်း တင်း ၂၀၊ ၂၅ ခန့်လျော့၍ ပဲဆိုပါက လေးတင်း၊ ငါးတင်းလျော့၍ အချဉ်ပေါက် မည်ဖြစ်ပါကြောင်း၊ ဥပမာ-မွန်ပြည်နယ်၊ ကချင်ပြည်နယ်များတွင် ကယ်(လ်)ဆီယမ် ထုံးဓာတ်ကြွယ်ဝသည့် မြေစေး သဘာဝအလျောက်မြေများရှိပါကြောင်း၊ ပခုက္ကူ၊ မကွေးစသည့်ဒေသများတွင်လည်း လချေး၊ ဆာလဖာများကို ယခုမြေဖြင့်ပြုပြင်၍ရပါကြောင်း၊ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးတွင် ကယ်(လ်)ဆီယမ်၊ ပိုတက်စီယမ်၊ တီစူပါများ သုံးစွဲနေသည့်အတွက် ဧည့်သည်များအား အားကိုးနေရကြောင်း၊ ပြည်တွင်းတွင် အိမ်သည်ကောင်းဖြစ်ပါလျက် လက်တွေ့ပြည်တွင်းတွင် သက်တောင့်သက်သာဖြင့် သဘာဝရေမြေမှ ထွက်သည့် အရာများဖြင့်အသုံးချမည်ဆိုပါက တောင်သူလယ်သမား၊ စိုက်ပျိုးရေး၊ တစ်နိုင်တစ်ပိုင် မွေးမြူရေးသမားများမှာ အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကို တာဝန်ရှိသူ အဆင့်ဆင့်မှ ပညာပေး၊ သုတေသနလုပ်ငန်းများနှင့် အနီးကပ်ကြီးကြပ်ပြီး သင်တန်းများ ပေးမည်ဆိုပါက အသိပညာများတိုးပွားပြီး Taxonomy of Management အဆင့်လိုက်စီမံခန့်ခွဲမှုများကို ကျေးလက်မြေပြင်အထိ အဆင့်ဆင့်နှင့်စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြေများ စမ်းသပ်ပြီး အနီးကပ် ကြီးကြပ်သွားမည် ဖြစ်ပါကြောင်း၊ White Paper Pliancy ဟူသည့် စက္ကူဖြူစီမံကိန်း မရပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏အစီအမံ ရည်မှန်းချက်မူဝါဒ ရှေ့လုပ်ငန်းစဉ်များ၊ ဘတ်ဂျက်အလိုက် လုပ်ဆောင်ရမည့်၊ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများသည်လည်း အသေးစိတ်ကျပြီး ကောင်းမွန်ပါကြောင်း၊ လက်တွေ့တွင် အကောင် အထည်ဖော်ပြီး ဒေသမြေပြင်အထိ ဆောင်ရွက်မည်ဆိုပါက အောင်မြင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် အများပြည်သူစိတ်ပါဝင်စားပြီး လုပ်ကိုင်လိုစိတ် ရှိလာစေရန် တာဝန်ရှိသူအဆင့်ဆင့်က ကျေးလက်ဒေသအထိ အနီးကပ်ကြီးကြပ်အသိပညာပေးရေးနှင့် လိုအပ်သောကူညီပံ့ပိုးမှုပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။