(င)- ကျောက်တန်းမြို့နယ်၊ မှော်ဝန်းချောင်း တောင် ဘက်ခြမ်းရှိကွင်းပေါက်၊ရွာသစ်ကြီး၊ကြံပင်၊သောင် ကြီး၊ တမံကြီးနှင့် ပီလခတ်ကျေးရွာများသို့လျှပ်စစ် ဓာတ်အားသွယ်တန်းဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု စုစုပေါင်း ၅၇ စု ရှိပါကြောင်း၊ တံတားမြို့နယ်ခွဲ အပါအဝင် ရပ်ကွက် ၁၃
ခုနှင့် ကျေးရွာခွဲပေါင်း ၈၀ နီးပါးရှိပြီး ကျေးရွာများ မီးလင်းရေးအနေနှင့် ဆောင်ရွက်ထားရာတွင် ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့်လည်းကောင်း၊ နိုင်ငံတော် ပံ့ပိုးကူညီမှုဖြင့်သော် လည်းကောင်း ဆောင်ရွက်ထားရှိပါကြောင်း၊ မီးလင်းသည့် ကျေးရွာနှင့် ဆောင်ရွက်ဆဲကျေးရွာ ၃၀ ကျော် ရှိပါကြောင်း၊ ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ဝေးကွာသည့် ကျေးရွာများကို မိမိတို့ ဆိုလာစနစ်ဖြင့်သာ မီးလင်းရေးဆောင်ရွက်ထားရှိပါကြောင်း၊ ယနေ့အချိန်အခါတွင် ကျေးရွာအသီးသီးတွင်ရှိသည့် မိဘပြည်သူများသည် မဟာဓာတ်အားလိုင်းက ရရှိသည့် ၂၄ နာရီ မီးလင်းရေးကို မျှော်လင့်လျက်ရှိကြပါကြောင်း၊ ထို့အတွက်ကြောင့် ကျောက်တန်းမြို့နယ်၊ မှော်ဝန်းချောင်း မြောက်ကမ်းကျေးရွာများအပြင် မှော်ဝန်းတောင်ဘက်ကမ်းမှာရှိသည့် မီးမလင်းသေးသည့် ကျေးရွာများဖြစ်သည့် ကွင်းပေါက်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ ကြံပင်ကျေးရွာ၊ သောင်ကြီးကျေးရွာ၊ တမံကြီးကျေးရွာနှင့် ပီလခတ်ကျေးရွာများကို လျှပ်စစ် ဓာတ်အားသွယ်တန်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။