(ဂ)-ဂန့်ဂေါမြို့တွင် စံချိန်မီ လေယာဉ်ကွင်းတစ်ကွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-17

ဦးအောင်မြင့် (ဂန့်ဂေါ)ဂန့်ဂေါမြို့တွင် ၁၉၅၀ ခုနှစ် ခန့်က အလျား ၄၅၀၀ပေ၊ အနံ ၂၅၀ ပေ ရှိ လေယာဉ်ကွင်း တစ်ကွင်းကို တည်ဆောက်ခဲ့ရာ ၁၉၅၁ ခုနှစ် မတ်လမှ စတင်ကာ ၁၉၈၂ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကျော်ခန့်ပြေးဆွဲခဲ့ပါကြောင်း၊ သို့ရာတွင် လေယာဉ်ပြေးဆွဲမှုများကို ၁၉၈၃ ခုနှစ်မှ စတင် ရပ်နားထားခဲ့ရာ ယနေ့အထိဆိုပါက နှစ်ပေါင်း ၃၀ ခန့်ရှိနေပြီဖြစ်ပါကြောင်း၊ ခရီးသွား ပြည်သူများ အနေဖြင့်လည်း အချိန်ကို တန်ဖိုးရှိစွာ အသုံးချလာကြရာ လိုရာခရီးကို မြန်မြန် ဆန်ဆန် သွားလိုသည့် ဆန္ဒများဖြင့် ဒေသအတွင်းတွင် လေယာဉ်ပြန်လည်ပြေး ဆွဲပေး စေလိုလျက် ရှိကြပါကြောင်း။ နိုင်ငံတော်မှ လေယာဉ်ပြေးဆွဲပေးပါက ဂန့်ဂေါမြို့နယ်မှ ခရီးသွား ပြည်သူများအတွက်သာမက ချင်းပြည်နယ် အလယ်ပိုင်းမှ ခရီးသွားပြည်သူများအတွက်ပါ အဆင်ပြေ အကျိုးရှိမည်ဖြစ် ပါကြောင်း၊ ဂန့်ဂေါမြို့တွင် ခေတ်နဲ့အညီ လေယာဉ်များ ဆင်းသက်နိုင်သော လေယာဉ်ကွင်း သစ်ဖောက်လုပ်‌ပေးမည် ဆိုပါကလည်း လုံလောက်သောအလျား၊ အနံဧရိယာရှိသော မြေနေရာလည်း မြို့နဲ့ အနီးပတ်ဝန်းကျင်တွင် အဆင်သင့်ရှိပြီးဖြစ်ပါကြောင်း သို့မဟုတ်ပါကလည်း လက်ရှိလေယာဉ်ကွင်း ဟောင်းအား ပြန်လည်ပြုပြင်၍ ဆင်းသက်နိုင်သော လေယာဉ် အမျိုးအစားများဖြင့် ပြန်လည်ပြေးဆွဲပေးရန် ဒေသရှိပြည်သူများမှ လိုလားလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိမေးလိုသည့်မေးခွန်းမှာ-

(၁) ယခင်မူလ လေယာဉ်ကွင်းဟောင်းအား ပြန်လည်ပြုပြင်၍ လေယာဉ် ခရီးစဉ်များ ပြန်လည် ပြေးဆွဲပေး ရန် အစီ အစဉ် ရှိပါသလား။

(၂) အစီအစဉ်ရှိပါက ပြေးဆွဲပေးမည့်အချိန်ကာလနှင့် ပြေးဆွဲပေးမည့်အစီအစဉ်အားသိရှိလိုပါတယ်။

(၃) ခတ်နဲ့အညီ လေယာဉ်များ ဆင်းသက် ပြေးဆွဲနိုင်သော စံချိန်မီ လေယာဉ်ကွင်း အသစ်ကို ဂန့်ဂေါမြို့နဲ့ အနီးဆုံး ပတ်ဝန်းကျင်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့် အချိန် ကာလတွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။