(က)-မိတ္ထီလာရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ နယ်တွင် တည်ရှိသော စက်မှုလက်မှုသိပ္ပံ(GTI)ကို ယခင်ကအတိုင်းနယ်ပယ်စုံစက်မှုအတတ်သင်သိပ္ပံ အဖြစ်ပြန်လည် ထိန်းသိမ်းပြီး သင်တန်းကျောင်း အဖြစ် ပြန်လည်အကောင်အထည်ဖော်ရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
အင်းစိန် GTI နှင့် ပတ်သက်၍ ယခင်ကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ချို့မှ တင်ပြခဲ့ဘူးပါကြောင်း၊ GTI သည်
ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့သည့် အင်ဂျင်နီယာဆိုင်ရာ သိပ္ပံကျောင်းဖြစ်သော်လည်း ၎င်း ကျောင်းမှဆင်းလာသည့် ကျောင်းသား AGTI များသည် တိုင်းပြည်၏ တိုးတက်ရေးကို ကဏ္ဍပေါင်းစုံက ပါဝင်ခဲ့သည်ဆိုသည်မှာ အားလုံးလည်း သိကြပါကြောင်း၊ GTI စတင်တည်ထောင်စဉ်မှစ၍ ပိတ်သိမ်းသည့် အချိန်အထိ တွက်မည်ဆိုလျှင် GTI လူငယ်ကျောင်းသားပေါင်း သောင်းဂဏန်းမက သိန်းဂဏန်းများထိ ရှိခဲ့မည်ဆိုသည်ကို မှန်းဆလို့ရပါကြောင်း၊ GTI ကို ပြီးခဲ့သည့် တပ်မတော်အစိုးရလက်ထပ်မှ တစ်ခြားအဖွဲ့ကို တာဝန်လွှဲပြီး ပေးအပ်ခဲ့ပါကြောင်း၊ ဘယ်လိုအကြောင်းကြောင့် ပေးအပ်ခဲ့သည်ဆိုခြင်းအပေါ် မိမိတို့လည်း မှန်းဆ၍မရသော်လည်း ယခုချိန်တွင် GTI ကျောင်းဝန်ကြီးတစ်ခုလုံး၏ အဆောက်အဦများကို ဌာနပေါင်းစုံမှ အစိတ်စိတ်အမွှာမွှာ ပိုင်းခြားပြီး တာဝန်ပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ထိုကျောင်းမှ ကျောင်းသား/သူဟောင်းများသည် စိတ်မကောင်းဖြစ်ကြရပါကြောင်း၊ အဆိုးဆုံးမှာ ပြီးခဲ့သည့် အစိုးရလက်ထပ်တွင် GTI ကျောင်းကို အချုပ်ခန်းအဖြစ် အသုံးပြုခဲ့သည်ကို ရင်နာစွာသိခဲ့ရပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင်တည်ရှိသော စက်မှုလက်မှုသိပ္ပံ(GTI) ကျောင်း ယခင်က အတိုင်းနယ်ပယ်စုံ စက်မှုအတတ်သင် သိပ္ပံအဖြစ် ပြန်လည်ထိန်းသိမ်းပြီး သင်တန်းကျောင်းအဖြစ် ပြန်လည်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။