(ခ)-ပညာရေးဌာနများတွင် လူနည်းစု တိုင်းရင်းသားများ၏ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းရာ၌ မြန်မာအက္ခရာအပြင် တိုင်းရင်းသားအလိုက်အက္ခရာ သို့မဟုတ် အင်္ဂလိပ်အက္ခရာနှင့်ပါ ဖြည့်စွက်ရေးသွင်းခွင့်ပြုရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုး ရှစ်မျိုး၊ မျိုးနွယ်စုပေါင်း ၁၃၅ ဖြင့် စုစည်းတည်ထောင်ထားသော ပြည်ထောင်စုနိုင်ငံကြီး ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုစတင်ထွန်းကားရာ သမိုင်းမစတင် မီကတည်းက အတူတကွယှဉ်တွဲနေထိုင်ကြသော်လည်း ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ဘာသာစကား၊ စာပေနှင့် အနုသုခုမ ယဉ်ကျေးမှုများသည် သီးခြားစီဖွံ့ဖြိုးလာပါကြောင်း၊ မိမိတို့ပြည်ထောင်စုသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ဘာသာစကား၊ စာပေများကို တူညီသောအခွင်‌့အရေးများဖြင်‌့ ဖွံ့ဖြိုးလာစေရန် တွန်းအားပေး ဆောင်ရွက်နေသည့် အစီအမံများ ပေါ်ပေါက်လာသည့်အတွက် ဂုဏ်ယူရပါကြောင်း၊ အထူးသဖြင်‌့ တရားဝင်ရုံးသုံး ဘာသာစကား၊ စာပေမဟုတ်သည့် တိုင်းရင်းသားဘာသာစကားနဲ့ စာပေများကို တရားဝင်သင်ကြားခွင်‌့ပြုလာသည်ကို တွေ့ရှိရသည့်အတွက် ကျေနပ်မိပါကြောင်း၊

မိမိတို့နိုင်ငံသည်သေးငယ်ပြီး လူဦးရေကလည်း ၅၃ သန်းကျော်သာရှိသော်လည်း ဘာသာစကားပေါင်းများစွာဖြင့် လူမျိုးစု ၁၃၅ မျိုးစုပေါင်းနေထိုင်ကြသည်မှာ အံ့သြစရာကောင်းသည့် အချက်တစ်ချက်ပင်ဖြစ်ပါကြောင်း၊ ကမ္ဘာရှိတိုင်းပြည်တိုင်းတွင် လူမျိုးစုတစ်မျိုးတည်း နေထိုင်ထူထောင်ထားခြင်း မရှိသကဲ့သို့ ဘာသာစကားတိုင်းကိုလည်း တရားဝင်ရုံးသုံး ဘာသာစကားဖြင့် ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်း၊ တချို့နိုင်ငံတွင်သာ တစ်မျိုးမကထားကြပါကြောင်း၊ မိမိတို့နိုင်ငံမှာလည်း အားလုံးတစ်ညီတစ်ညွတ်တည်း လက်ခံကြသည့် မြန်မာစာနှင့်စကားကို တရားဝင်ရုံးသုံးအဖြစ် ပြဋ္ဌာန်းထားပါကြောင်း၊ ယခုလိုနိုင်ငံသေးလေးအတွင်း ဘာသာစကားပေါင်း များစွာရှိပြီး အင်္ဂလိပ်ကိုလိုနီလက်အောက်တွင် နှစ်တစ်ရာမကနေခဲ့ရသော်လည်း မြန်မာစာတစ်ခုတည်းကို ရုံးသုံးအဖြစ်ပြဋ္ဌာန်းရန် မည်သည့်အတွက်ကြောင့် လုံလောက်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး ၁၉၈၆ ခုနှစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုလိုနီခေတ် မြန်မာနိုင်ငံနှင်‌့ အိန္ဒိယနိုင်ငံတို့ရှိ ပညာတတ်လောက၏ အခြေအနေဆိုသည့် စာတန်းတစ်စောင်ကို ရေးသားပြီး ကမ္ဘာကိုဖြန့်ချိခဲ့ပါကြောင်း၊ ၎င်းစာတန်းတွင် အိန္ဒိယနိုင်ငံ၏ ရုံးသုံးစာကို တစ်မျိုးမကထားရှိရန် မည်သည့်အတွက်လိုအပ်ခြင်းနှင့် မြန်မာနိုင်ငံ၏ ရုံးသုံးစာကို တစ်မျိုးတည်းထားရှိရန် လုံလောက်ရသနည်းဆိုသည့်အချက်ကို သုတေသနပြုဖော်ပြထားသည်ကို တွေ့ရှိရ၍ ပြည်ထောင်စုအတွက် အင်မတန်မှဂုဏ်ယူမဆုံးဖြစ်ရပါကြောင်း၊

မိမိတို့နိုင်ငံ၏ ရုံးသားစာပေါ်တွင် လူနည်းစုတိုင်းရင်းသားများအတွင်း ခက်ခဲသည့် အကြောင်းကိစ္စများ ပေါ်ပေါက်နေရပါကြောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသားများအလိုက် အမည်များကို မြန်မာစာဖြင့် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းရာတွင် အမှားများပါလာခြင်း ဖြစ်ပါကြောင်း၊ အထူးသဖြင်‌့ မှတ်ပုံတင်ပြုလုပ်ရာတွင် ပညာရေးဆိုင်ရာအချက်အလက်များ ဖြည့်သွင်းရာ မှားယွင်းဖြည်‌့သွင်းခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးချင်းသာမက သူနှင်‌့ဆက်စပ်ပတ်သက်သည့် နိုင်ငံအတွက်ပါ နစ်နာနေရပါကြောင်း၊ ဥပမာပြောပြရလျှင် တိုင်းရင်းသားကျောင်းသူတစ်ဦး ဘွဲ့လက်မှတ်ရရှိမည့်အချိန်တွင် ဖြည်‌့သွင်းသည့်အဖအမည်သည် အသံတူပြီးစာလုံးပေါင်းသတ်ပုံတွင် ဌာနဆိုင်ရာများမှ ဖြည်‌့သွင်းသည့် စာလုံးပေါင်းသတ်ပုံနှင်‌့ အနည်းငယ်ကွဲလွဲနေပါက ဘွဲ့လက်မှတ်ပေးရန် ငြင်းပယ်ခြင်းမျိုးများ ဖြစ်ပါကြောင်း၊ စာလုံးပေါင်းသတ်ပုံ မှားယွင်းစွာ ပါလာကြောင်းသိရသည့် အချိန်တွင် အမှန်ပြင်ရန်အတွက် အလွန်ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များကို အစကပြန်စရခြင်း ဖြစ်ပါကြောင်း၊

တိုင်းရင်းသား ၁၃၅ မျိုးထဲက ၁၃၄ မျိုးသည် ဖွံ့ဖြိုးမှုနည်းပါးသော ပြည်ထောင်စုကြီး၏ နယ်စပ်ဒေသများတွင် အများစုနေထိုင်ကြခြင်းဖြစ်ပြီး ရှားရှားပါးပါးထွန်းပေါက်လာသည့် လူငယ်တစ်ဦးသည် ပန်းတိုင်ရောက်ခါနီးမှ အမည်စာလုံးပေါင်းသတ်ပုံ မှားယွင်းခြင်းကြောင့် အခက်အခဲကြုံနေရသည်ကို လေးလေးနက်နက် စဉ်းစားပေးစေလိုပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း လူနည်းစုတိုင်းရင်းများ၏ အမည်ကိုလည်း ကမ္ဘာတွင်အသုံးများသည့် ဘာသာစကားဖြင့် ရေးသွင်းခွင်‌့ပြုသင်‌့သည်ဟု ရည်ရွယ်ခြင်းဖြစ်သည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင်‌့ ပြည်သူ့အင်အားဦးစီးဌာနနှင်‌့ ပညာရေးဌာနများတွင် လူနည်းစုတိုင်းရင်းသားများ၏ ကိုယ်ရေးအချက်အလက်များ ဖြည်‌့သွင်းရာ၌ မြန်မာအက္ခရာအပြင် သက်ဆိုင်ရာတိုင်းရင်းသား အလိုက်အက္ခရာ သို့မဟုတ် နိုင်ငံတကာသုံး အင်္ဂလိပ်အက္ခရာနှင်‌့ပါ ဖြည်‌့စွက်ရေးသွင်းခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။