(ဃ)-ဆောက်လုပ်ရေးလုပ်ငန်းများ၊ သင်္ဘောကျင်းများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Safety Course သင်တန်းများပို့ချပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

လုပ်ငန်းခွင်ဝင်ရောက်ကြမည့် ကာယ၊ ဉာဏလုပ်သားများအတွက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး သည် အရေးကြီးပါကြောင်း၊ လုပ်ငန်းခွင်မတော်တဆမှုများကြောင့် အသက်ဆုံးရှုံးခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သလို နိုင်ငံ့ အတွက် ကုန်ထုတ်လုပ်မှုများထိခိုက်သလို လျော်ကြေး၊ နစ်နာကြေးစသည့် ဆိုးကျိုးများလည်း ဖြစ်ပေါ်စေ ပါကြောင်း၊၂၀၁၄-၁၅ ခုနှစ်တွင် မတော်တဆမှုပေါင်း ၇၁ မှု ဖြစ်ပွားခဲ့ရာတွင် ၂၀ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၃၇ ဦး ၊၂၀၁၅-၁၆ ခုနှစ်တွင် မတော်တဆမှု ၁၂၃ မှုတွင် ၁၆ ဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၇၄ ဦး ၊ ၂၀၁၆-၁၇ ခုနှစ် သြဂုတ်လအထိ မတော်တဆမှု ၈၁ မှုတွင် ၁၅ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၃၆ ဦး တို့ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ သင်္ဘောကျင်းများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင်ဝင်ရောက်ကြမည့် ကာယ၊ ဉာဏလုပ်သား များအား လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးသင်တန်းများတက်ရောက်စေရေး၊ သင်တန်းဆင်းလက်မှတ်များရရှိပြီးမှ လုပ်ငန်း ခွင် ဝင်ရောက်ပါက လုပ်ငန်းခွင်ဘေးအန္တရာယ်များ လျော့ပါးသွားစေ နိုင်မည်ဖြစ်သည့်အတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် ဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ပါက ပိုပြီးထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်လုံခြုံစိတ်ချရမှုအတွက် လုပ်ငန်းရှင်မှ လုပ်ငန်းခွင်ဝတ်စုံ၊ Helmet, Saving Shoes, မျက်နှာမှန်ကာ၊ မျက်မှန်၊ နားကြပ်၊ နှာခေါင်းစည်း၊ လက်အိတ် စသည့် အန္တရာယ်ကင်းရှင်း‌ရေး ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ လုပ်ဆောင်မည့် လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် စက်ရုံများ၊ လုပ်ငန်းခွင်များ၊ ယန္တရားပစ္စည်းကိရိယာများ၊ တိကျသည့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကာကွယ်မှု များ လုပ်ဆောင်ပေးရန်တို့ လိုအပ်ပါကြောင်း၊  ၎င်းလုပ်ငန်းစဉ်များအတွက် စိန်ခေါ်မှုများရှိနေသည်ကို သိရှိရပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်များပြားလာပြီး ကျွမ်းကျင်လုပ်သားလိုအပ်မှုနှင့်အတူ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ လိုအပ်လာပြီဖြစ်သည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ၊ သင်္ဘောကျင်းများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင်ဝင်ရောက်ကြမည့် အလုပ်သမားများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Safety Course သင်တန်းများကို တိုင်းနှင့်ပြည်နယ် လိုက်ပို့ချ၍ သင်တန်းဆင်းလက်မှတ်များ ရရှိအောင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကိုသိလိုပါ ကြောင်းဖြင့် မေးမြန်းပါသည်။