(က)-ရေအားလျှပ်စစ်စီမံကိန်းများ (Hydro၊power) နှင့် စပ်လျဉ်း၍သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်က Free Share ၁၀% ရရှိအောင် မည်ကဲ့သို့ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်မပေးနိုင်ပါက ၎င်းတို့၏နစ်နာမှုကို မည်ကဲ့သို့ကုစားပေးမည်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဒေါ်နန်းဝါနု (ကွန်ဟိန်း)မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဖြင့် ဆောင်ရွက်နိုင်သော အခြေခံကောင်းများ ကောင်းစွာလုံလောက်စွာရှိ၍ မိမိကိုယ်တိုင် ရင်းနှီးမြှုပ်နှံခြင်း၊ ပုဂ္ဂလိက တိုင်းရင်းသားလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်စေခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ခြင်း စသည်တို့ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတော်က ကြိုးပမ်းသကဲ့သို့ ပုဂ္ဂလိကတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ အတွင်း ရေအားလျှပ်စစ်စီမံကိန်းများ (Hydro power) နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံရန် အထူးစိတ်ဝင်စားကြပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏလည်း အလွန်များပြားကာ ပြည်ထောင်စုအစိုးရအနေဖြင့် Free power ၁၀ ရာခိုင်နှုန်း ဓာတ်အားနှင့် Free Share ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုကို လုပ်ကိုင်ခွင့်နှစ် ၄၀ အထိ ခံစားရယူမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် ရေအားလျှပ်စစ်စီမံကိန်းများ(Hydro power) ပြုလုပ်နိုင်သည့်နေရာ အနှံ့အပြားရှိနေပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုစနစ်မြင့်မားလာရေး၊ ဆင်းရဲ၊ ချမ်းသာ ကွာဟမှု လျော့နည်းရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ကြိုးပမ်းနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း။

ထိုသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုစနစ်မြင့်မားလာရေး၊ ဆင်းရဲ၊ ချမ်းသာ ကွာဟမှု လျော့နည်းရေးတို့အတွက် ရန်ပုံငွေလိုအပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  ပြုလုပ်သော စီမံကိန်းများမှ ၎င်းတို့ကလည်း အကျိုးခံစားခွင့် ရရှိသင့်သဖြင့် အကျိုးခံစားခွင့်ရရှိစေရန် ပြည်ထောင်စုအစိုးရကလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြုလုပ်သော ရေအားလျှပ်စစ်စီမံကိန်းများ (Hydro power) နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က Free Share ၁၀ ရာခိုင်နှုန်းရရှိစေရန် ပြည်ထောင်စုအစိုးရက မည်ကဲ့သို့ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက ၎င်းတို့၏ နစ်နာမှု၊ အကျိုးအမြတ် ခံစားခွင့် ဆုံးရှုံးမှုကို မည်ကဲ့သို့ ကုစားပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။