(ဂ)-စွန့်ပစ်မိဘမဲ့ကလေးများကို သတ်မှတ်စည်းကမ်းများအတိုင်း မွေးစားခွင့်ပြုရာတွင် ကလေး၏မွေးစာရင်း၌ မွေးစားမိဘများ၏ အမည်ကို ထည့်သွင်းဖော်ပြရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရသော မိဘမဲ့ကလေးများကို သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်းများနှင့်အညီ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနကြီးကြပ်မှုအောက်ရှိ ကလေးပြုစုရေးဌာနများတွင် ဂရုတစိုက်ပြုစုစောင့်ရှောက် ပေးလျက်ရှိပြီး အဆိုပါ မိဘမဲ့ ကလေးငယ်များကို ဂရုဏာရှင်ဇနီးမောင်နှံများမှ မွေးစားလိုပါက ကလေးပြုစုရေးဌာနများ၏ ချမှတ် ထားသော စည်းကမ်းချက်များနှင့်အညီ စာချုပ်စာတမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ စွန့်ပစ်မိဘမဲ့ကလေးငယ်များအနေဖြင့် မွေးစာရင်း မရှိကြဘဲ မွေးစားမိဘများကလည်း မိဘမဲ့ကလေးငယ်များကို သတ်မှတ်စည်းကမ်း စာချုပ်စာတမ်းများနှင့် မွေးစားရာတွင် ကလေးငယ်၏ မိဘများအဖြစ် ကလေးငယ်များ၏ မွေးစာရင်းများတွင် ၎င်းတို့၏အမည်များကို ဖော်ပြရန် ဆန္ဒရှိနေကြပါကြောင်း၊ မွေးစာရင်းများသည်လည်း ကလေးငယ်များကျောင်းအပ်ချိန်နှင့် နိုင်ငံသားစိစစ်ရေးလက်မှတ်ပြုလုပ်ရာတွင် အလွန်အရေးကြီးပါကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ကလေးပြုစုရေးဌာနသည် သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနသို့ မွေးစားမိဘများ၏ အမည်ဖြင့် ကလေးမွေးစာရင်းပြုလုပ်ပေးပါရန် ညှိနှိုင်းအကြောင်းကြားလေ့ ရှိသော်လည်း အဆင်မပြေမှုများ ကြုံတွေ့နေရသည်ကို ကြားသိခဲ့ရပါကြောင်း၊ ထို့ကြောင့် (က) စွန့်ပစ်မိဘမဲ့ကလေးများကို သတ်မှတ်စည်းကမ်းများအတိုင်း မွေးစားခွင့်ပြုရာတွင် ကလေး၏ မွေးစာရင်း၌ မွေးစားမိဘများ၏အမည်ကို ထည့်သွင်းဖော်ပြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် ညှိနှိုင်းရာတွင် လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ (ခ) ထိုကဲ့သို့ ဆောင်ရွက်ပေးရန် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်က ထုတ်ပြန်ခဲ့သည်နှင့် မရှိသေးပါက ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိကိုသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။