(င)-ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ မြို့နယ်တိုင်းတွင် 'မိုးပွင့်' စီမံချက်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးသန်းဝင်း (တောင်တွင်းကြီး)မိုးပွင့်စီမံချက်ကာလဟာ သတ်မှတ်ကာလ ဇူလိုင်လမှ စက်တင်ဘာလအထိ ၂ လ သတ်မှတ်ထားကြောင်း အကြမ်းဖျင်းသိရှိရပါသည်။ ဒီသတ်မှတ်ထားသည့် ကာလမှာလည်း ၁ လကို ၂ ကြိမ် ကျေးရွာများနှင့် ကွင်းဆင်းပြီးနေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရပါသည်။ တင်ပြလိုသည်မှာနိုင်ငံသား မှတ်ပုံတင်မရှိသူ ပြည်သူ၏လိုအပ်ချက်နှင့် ဆောင်ရွက်ပေးသည့် စီမံချက်ကာလ တိုတောင်းသည့် အတွက် ပြည့်စုံမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် မိမိတို့မြို့နယ်ဆိုလျှင် ကျေးရွာ ၂၉ ရွာကနေပြီး လူဦးရေ ၁၁၀၀ ကျော် နိုင်ငံသားမှတ်ပုံတင်ကတ်များ မပြည့်စုံသေးသည်ကို မိမိတို့ တင်ပြပြီးထားရှိပါကြောင်း၊ နိုင်ငံသားမှတ်ပုံတင်ကိစ္စသည် စီမံချက်ကာလအတွင်းမှာပင် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲနှင့် သက်ဆိုင်ရာဌာန၏ နေ့စဉ်နှင့်အမျှ ဆောင်ရွက်ရမည့်လုပ်ငန်းများဟု ယူဆပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်များမှလည်း ကျန်ရှိကျေးရွာများကို ဆက်လက်ဆောင်ရွက်ပေးပါမည် ကာယကံရှင်များကို လိုအပ်သည့်အချက်အလက်များ၊ အထောက်အထားများ ပြည့်စုံစွာယူ ဆောင်လာပြီးဌာနကို ဆက်သွယ် ဆောင်ရွက်စေလွှတ်ပေးစေလိုပါကြောင်း၊ ဆောင်ရွက်ပေးပါမည်ဟု တာဝန်ရှိသူများကလည်း ပြောဆိုထားပါကြောင်း၊ သို့ရာတွင် နိုင်ငံသားလက်မှတ်သည် ပြည်သူများအတွက် အသက်တမျှအရေးကြီးပါကြောင်း၊ ဒီနေ့ဒီအချိန်အခါ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး ခြင်းသည်သာလျှင် ပွင့်လင်းထင်သာမြင်သာဖြစ်ပြီး အစိုးရကပြည်သူ့၏ လိုအပ်ချက်များကိုဖြည်‌့ ဆည်းပေးနေခြင်းဆိုသော အနှစ်သာရ၏ အသွင်သဏ္ဍာန်ကို ပီပြင်စေခြင်းကြောင့် သက်ဆိုင်ရာဌာနမှ မိုးပွင့်စီမံချက်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။