(စ)-ခန့်မှန်းလူဦးရေစာအုပ်တွင် ကချင်နှင့် ဂျိန်းဖောကို ပေါင်း၍ ဂျိန်းဖောဟုသတ်မှတ်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဒေါ်ဒွဲဘူ (အင်ဂျန်းယန်)၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် ရက်စွဲနှင့် နိုင်ငံတော်သမ္မတက ၁၉၄၈ ခုနှစ်၊ ပါလီမန် ရွေးကောက်ပွဲအက်ဥပဒေ ပုဒ်မ ၂ အပိုဒ်(ဂ)အရ ဂျိန်းဖော၊ အဇီး၊ လရှီး၊ မဒူ၊ လီဆူးနှင့် ရဝမ် လူမျိုးများသည် ကချင်လူမျိုးများတွင် အပါအဝင်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အထက်ပါ နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာကို ၁၇- ၁၀- ၁၉၉၅ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အထူးအမိန့်ပြန်တမ်းအဖြစ် တရားရေးဝန်ကြီးဌာန၊ ရွေးကောက်ပွဲ ဌာနခွဲ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ တွဲဖက်အတွင်းဝန် စံညွန့်က အမိန့်အရထုတ်ပြန်ကြေညာခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၁၉၈၃ ခုနှစ်တွင် တိုင်းရင်းသား ၁၃၅ မျိုးအပေါ် အခြေခံပြီး သန်းခေါင်စာရင်းကောက်ယူခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၁- ၁၀- ၂၀၀၃ ရက်နေ့တွင် ခန့်မှန်းလူဦးရေစာအုပ်တွင် ကချင်နှင့် ဂျိန်းဖောကိုပေါင်းပြီး ဂျိန်းဖောဟု ဖော်ပြခဲ့သည့်အတွက် တိုင်းရင်းသားလူမျိုး ၁၃၄ မျိုးဖြစ်ခဲ့ကြောင်း၊ ထိုပြင်ဆင်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ပြင်ဆင်ပြုစုခဲ့ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၁၄ ခုနှစ် မတ်လတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ခံသည့်အခါတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးအပေါ် အခြေခံပြီး ပြန်လည်ကောက်ယူခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း။

သို့ဖြစ်ပါ၍ (၁) ကချင်တိုင်းရင်းသားလူမျိုးများအတွက် နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာထားသည့် ၁၇-၁၀-၁၉၅၅ ရက်နေ့တွင် ထုတ်ပြန်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အထူးအမိန့်ပြန်တမ်းကို ပယ်ဖျက်ထားခြင်း ရှိ/မရှိ၊ (၂) ၁-၁၀-၂၀၀၃ ခုနှစ်ရှိ ခန့်မှန်းလူဦးရေစာအုပ်တွင် ကချင်နှင့်ဂျိန်းဖောကိုပေါင်း၍ ဂျိန်းဖောဟု သတ်မှတ်ခဲ့ခြင်းမှာ မည်သည့်အတွက်ကြောင့် သတ်မှတ်သည်နှင့် ထိုသို့သတ်မှတ်ရာတွင် သက်ဆိုင်ရာ ကချင်တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ သဘောတူညီမှုရယူခဲ့ခြင်း ရှိ/မရှိ၊ (၃) ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံရာတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံ ထားသဖြင့် ၁-၁၀-၂၀၀၃ တွင်ပြင်ဆင်ခဲ့သည့် ကချင်=ဂျိန်းဖော ဟူသည့်သတ်မှတ်ချက်ကို ပယ်ဖျက် ပြီးဖြစ်သည်ဟု မှတ်ယူရပါမည်နည်း၊ မပယ်ဖျက်သေးပါက ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ (၄) ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်သော ပြည်ထောင်စုမြန်မာ နိုင်ငံတော် အထူးအမိန့်ပြန်တမ်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၁-၁၀-၂၀၀၃ ရက်နေ့ ရက်စွဲပါ လမ်းညွှန်မှုနှစ်ခုစလုံးကို ပယ်ဖျက်ခြင်းမရှိသေးပါက သမ္မတ၏ကြေညာချက်နှင့် ဝန်ကြီးဌာန၏လမ်းညွှန်ချက် မည်သည်က ပိုမို၍ အာဏာသက်ရောက်မှုရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။