(ခ)-ပြည်ထောင်စုအစိုးရကအဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေအားမည်ကဲ့သို့စီမံဆောင်ရွက်နေသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးဝင်းမြင့် (ပုသိမ်)အဂတိလိုက်စားမှုများသည် အာဏာရှင်နိုင်ငံ စနစ်တစ်ခုမှ စနစ်တစ်ခုသို့ ကူးပြောင်းနေဆဲနိုင်ငံ ဒီမိုကရေစီ တစ်ပိုင်းတစ်စနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများတွင် ဖြစ်ပွားလေ့ရှိသည်ဆိုသည်ကို ပညာရှင်များက သတ်မှတ်ကြပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း Transparency International အဖွဲ့ကြီးက အဂတိလိုက်စားမှုအကဲဖြတ်ညွှန်းကိန်းအရ နိုင်ငံအနှံ့အပြား အဂတိလိုက်စားမှုများကြောင့် နိုင်ငံတကာအလယ်တွင် တိုင်းပြည်၏ ပုံရိပ်ကို ထိခိုက်စေပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုးကျိုးများလည်း သက်ရောက်စေပါကြောင်း၊ အလေးအနက်ထား ဆောင်ရွက်ရမည့် အမျိုးသားရေးကိစ္စတစ်ရပ်ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း ဦးစီးပြီး တာဝန်ပေးအပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို တိတိကျကျလိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေအာနိသင်ရှိမည်မဟုတ်သကဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှုမရှိလျှင် ဥပဒေ၏ ရည်ရွယ်ချက်ပေါက်မြောက်အောင်မြင်မည် မဟုတ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများအတွက် အဟန့်အတား ဖြစ်စေပြီး တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ယုတ်လျော့စေပါကြောင်း၊ နိုင်ငံရေးမတည်မငြိမ် ဖြစ်ပွားမှုကို ဦးတည်စေပါကြောင်း၊ အဂတိလိုက်စားသော ကိစ္စများသည် အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသူများထံ ဖြစ်ပေါ်တတ်ကြသဖြင့် စနစ်တကျစိစစ်ပြီး အရေးယူသင့်ပါကြောင်း၊ မသိကျိုးကျွန်ပြုနေခြင်း၊ သက်သာခွင့်တို့၊ ချွင်းချက်တို့ ပေးထားခြင်းတို့ရှိနေပါက သက်ဆိုင်ရာတာဝန်ရှိသူများ  အပြစ်မကင်းနိုင်ပါကြောင်း၊ လက်ဆောင်ပစ္စည်းများ လက်ခံရယူရာတွင် ကျပ်သုံးသိန်းကျော်လွန်သည့် ပစ္စည်းလက်ခံပါက လာဘ်ပေးလာဘ်ယူမှုအဖြစ် သတ်မှတ်မည်ဆိုသည့် စကားသည် ပြည်သူတွေကြားတွင် ရေပန်းစားနေပါသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ညီ/မညီ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းထားမှုနှင့် ဆီလျော်မှုရှိ/မရှိနှင့် ဤဥပဒေအား မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။