(ဃ)-နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက် ၍ ပြည်သူလူထုကြား သိရှိသင့်သည်များကိုမီဒီယာ ကဏ္ဍမှ မှန်မှန်ကန်ကန်သိရှိအောင် စီမံဆောင် ရွက်ပေးမည့်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဗိုလ်မှူးချုပ်တင်စိုး (တပ်မတော်သားကိုယ်စားလှယ်)နိုင်ငံတော်မှ လိုက်နာကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့်တာဝန်၊ မဏ္ဍိုင်ကြီးသုံးရပ်၏ ဆောင်ရွက်ချက်များအပါအဝင် တိုင်းရင်းသားပြည်သူများ မှန်မှန်ကန်ကန်သိသင့်သည်များ အပေါ် မီဒီယာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံသား ပြည်သူလူထုများအကြား ခိုင်မာသောစုစည်းမှုကိုရရှိ၍ အေးချမ်းတည်ငြိမ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်သော လူမှုဘဝဖြစ် ထွန်းစေရန်ရည်ရွယ်၍ နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲဖော်ဆောင်နေချိန်တွင် သတင်း၊ စာနယ်ဇင်းမီဒီယာများ၏ လုပ်ဆောင်ခွင့်များပေါ် ဖြေ လျော့ပေးခဲ့ပါကြောင်း၊ သို့သော်လည်း အချို့သောမီဒီယာများ လက်ဦးမှု၊ လွတ်လပ်ခွင့်များကို အလွဲအသုံးချ၍ လှုံ့ဆော်မှုပုံသဏ္ဍာန် လိုရာစွဲ၍ အသုံးချမှုတွေကြောင့် ပြည်သူလူထု၏ လူမှုစီးပွားရေး၊ နိုင်ငံတော်အနာဂတ်၊ ခရီးဖော်ဆောင်မှုများတွင် ထိခိုက်နှောင့်နှေးမှုများ ဖြစ်ပေါ်လာသည်ကို တွေ့နေရပါကြောင်း၊ သတင်း၊ စာနယ်ဇင်း မီဒီယာများသည် ပြည်သူများ အားကိုးယုံကြည်မှု တည်ဆောက်ရာတွင် မိမိတို့ နေထိုင်ဆောင်ရွက်နေသော နိုင်ငံတော်၏ နိုင်ငံသားတာဝန်၊ မူလအခွင့်အရေးများကို မဖောက်ဖျက်မကျူး လွန်မိစေရန်လည်း လိုအပ်ပါကြောင်း၊ မှန်ကန်သည့် အချက်အလက်တွင် ပူးပေါင်းကူညီမှုများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ တာဝန်ဝတ္တရားများအပေါ်တွင် လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများကြောင့် ပုဂ္ဂလိက တစ်ဦးချင်းအစပြုပြီး လူမျိုးရေး၊ ဘာသာရေးအထိဂရုန်းများဖြစ်ပွားလျှက်ရှိရာ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ထိပါးနိုင်ခြင်းများလည်း မြင်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ယခုထက်ပိုမို၍ သိရှိနိုင်ရေး၊ မီဒီယာကဏ္ဍမှ မည်ကဲ့သို့ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။