(ဇ)-ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်(၄)ခု နှင့် ကျေး လက်ဒေ သများဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးနိုင် ရန် ကျိုက်လတ်မြို့တွင် ဓာတ်အားခွဲ ရုံ တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဖျာပုံမြို့နယ်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ ၄ မြို့နယ်ပေါင်း လူဦးရေ ၁၀ သိန်းကျော် နေထိုင်လျက်ရှိပါကြောင်း၊ ဖျာပုံခရိုင်သည် စိုက်ပျိုးရေး၊ ဆန်စပါးထုတ်လုပ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကိုလည်း ကြိုးပမ်းလျက်ရှိသည့် ခရိုင်တစ်ခုဖြစ်ပါကြောင်း၊ ဖျာပုံခရိုင်ရှိ မြို့ ၄ မြို့ကို ရန်ကုန်မြို့ လှိုင်သာယာဓာတ်အားခွဲရုံက ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ပေးပါကြောင်း၊ လှိုင်သာယာ- ကွမ်းခြံကုန်း ၅၁ မိုင်၊ ကွမ်းခြံကုန်း-ဒေးဒရဲ ၁၁.၇၅ မိုင်၊ ဒေးဒရဲ-ဖျာပုံ ၁၇.၅ မိုင်၊ ဖျာပုံ-ဘိုကလေး ၁၉.၅ မိုင်၊ ဖျာပုံ-ကျိုက်လတ် ၁၅ မိုင် ရှည်လျားပြီး စုစုပေါင်း ဓာတ်အားလိုင်း ၁၁၄.၇၅ မိုင် ရှည်လျားပါကြောင်း၊ ထို့ကြောင့် ဓာတ်အားရယူသုံးစွဲရာတွင် ဓာတ်အားပျောက်ဆုံးမှု ပုံမှန်ရှိသင့်သည်ထက် ပိုများနေသည့်အပြင် ဗို့အားကျဆင်းမှုများလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ဖျာပုံမြို့ရှိ 33/11 KV ဓာတ်အားခွဲရုံ အများပြည်သူသုံးနေသည့် Peat Load အများဆုံးအချိန်တွင် 33 KV သည် 40 KV အထိ ကျသွားပြီး ပျောက်ဆုံးမှု 19 KV အထိရှိပါကြောင်း၊ ထို့အတူ ဒေးဒရဲ၊ ဘိုကလေး၊ ကျိုက်လတ်မြို့များတွင်လည်း ကျဆင်းသည်ကို တွေ့ရှိရပါကြောင်း၊ ဖျာပုံခရိုင် မြို့နယ်များအတွင်း လမ်း၊ တံတားဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာခြင်း၊ ကျေးရွာများတွင်လည်း ကိုယ့်အားကိုယ်ကိုး ကျေးရွာမီးလင်းရေးကော်မတီများ ဖွဲ့စည်းပြီး မီးလင်းရေးများ ဆောင်ရွက်လျက်ရှိခြင်း၊ မြို့နယ်အသီးသီးတွင်လည်း စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်လျက်ရှိခြင်းတို့ကြောင့် ဖျာပုံခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြည့်တင်းရရှိရန် လိုအပ်နေပါကြောင်း၊ ဒေသအတွင်းနေထိုင်လျက်ရှိသော မြို့နေ၊ ကျေးရွာနေပြည်သူများတွင်လည်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရေးကို မျှော်လင့်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဖျာပုံခရိုင်အတွင်းရှိ ကျိုက်လတ်မြို့တွင် ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ပြီး လျှပ်စစ်တိုးမြှင့်ပေးနိုင်မည့် အစီအစဉ်အား သိရှိလိုကြောင်း မေးမြန်းပါသည်။