(ဃ)-မသန်စွမ်းအဖွဲ့အစည်းများရေရှည်ဘ၀ ရပ်တည်နိုင်ရေးအတွက်ပြည်ထောင်စုအစိုးရ အဖွဲ့မှ ပါဝင်ကူညီ ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ ကချင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် မွေးရာပါ၊ မိဘများ၏ အားနည်းချက်ကြောင့်လည်းကောင်း၊ မသိနားမလည်သည့်အတွက်ကြောင့်လည်းကောင်း၊ စစ်ပျက်စီး ဒဏ်ကြောင့်လည်းကောင်း ကိုယ်အင်္ဂါချို့တဲ့၍ မသန်မစွမ်းသည်များ မြောက်မြားစွာရှိပါကြောင်း၊ အဲ့ဒီထဲက ထိုသူတို့၏ လှုပ်ရှားစည်းရုံးမှုအရ ၂၀၀၇ ခုနှစ်တွင် ယင်းလုပ်ငန်းကို လှုပ်ရှားဆောင်ရွက်ကြပါကြောင်း၊ သို့သော် ဖြစ်ရောက်အောင်မြင်ခြင်း မရှိပါကြောင်း၊ သို့သော် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှု၊ ဝန်ဆောင်ရန် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်မစွမ်းသော အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ပထမဦးဆုံး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တော်ခန်းမတွင် ပြုလုပ်ကျင်းပသော အစည်းအဝေးတွင် ကိုယ်အင်္ဂါမသန်မစွမ်းသော ပုဂ္ဂိုလ်များ အသုံးပြုနိုင်ရန် အသုံးအဆောင် ကိရိယာများ၊ အလှူငွေပေးအပ်ခြင်း အခမ်းအနားကို စည်စည်ကားကား လုပ်ဆောင်ခဲ့ကြပါကြောင်း၊ နောက်ပိုင်းတွင် ကချင်ပြည်နယ်၊ ကိုယ်အင်္ဂါမသန်မစွမ်းသော အဖွဲ့အစည်းများ၏ လုပ်ရှားဆောင်ရွက်မှုသည် မြင်သာထင်သာ သက်ဝင်လှုပ်ရှားရှိလာခြင်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကိုယ်အင်္ဂါမသန်မစွမ်းသော ပုဂ္ဂိုလ်များ အသင်းအဖွဲ့များ၏ ရေရှည်ဘဝရပ်တည်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုးတက်လာစေရန် မိမိတို့အဖွဲ့အစည်းတွင် အင်အား ၂၈၉ ယောက်ရှိသည်ဆိုပါမှ တင်ပြဆွေးနွေး ကြပါကြောင်း၊ သို့သော် ၁၆-၈-၂၀၁၄ ရက်နေ့တွင် ပြုလုပ်ကျင်းပသော အစည်းအဝေးတွင် ၃၀၀ ကျော်သည်ဟု သက်ဆိုင်ရာ အဖွဲ့အစည်းတွင် တာဝန်ယူကြသော ကော်မတီလူကြီးများ၊ ဥက္ကဋ္ဌများသည် တင်ပြဆွေးနွေးလာခြင်းများ ရှိပါကြောင်း၊ ယင်းအသင်းအဖွဲ့၏ ရုံးခွဲကို ဗန်းမော်တွင်ရှိသည့်နည်းတူ မိုးညှင်းမြို့နှင့် ဝိုင်းမော်မြို့တွင်လည်း ရှိပါကြောင်း၊ ဌာနချုပ်အနေဖြင့် ဖွင့်လှစ်ထားသောရုံးများမှာ ၎င်းတို့၏ ကိုယ်အင်္ဂါမသန်မစွမ်းသော ပုဂ္ဂိုလ်များ၏ စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်မြှင့်တင်ရေး မိတ်သဟာရဖွဲ့ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြပါကြောင်း၊ ကိုယ်အင်္ဂါမသန်မစွမ်းသော အဖွဲ့အစည်းများ၏ ဘဝ ရေရှည်ရပ်တည်ရေး၊ စိတ်ဓာတ်မြှင့်တင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့သည် မည်သည့်အတိုင်းအတာဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများအနေဖြင့် ကိုယ်အင်္ဂါမသန်မစွမ်း အဖွဲ့အစည်းများအား ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အဖွဲ့အစည်းများက တာဝန်ယူ ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။