(ဃ)-အချင်းဖြစ် မြေအား အဆင့်ဆင့် လက်ဆင့် ကမ်းရောင်းချပေးခဲ့ခြင်းကိုတရားမဝင်မှတ်ပုံတင်ပေး ခဲ့သည့် စာချုပ်စာတမ်း ဦးစီးများ၏ လုပ်ရပ်သည် ဥပဒေနှင့် ညီ၊မညီ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

သူရဦးအောင်ကို (ကန်ပက်လက်)၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဖြေကြားသည့် စာအပေါ်တွင် မိမိ ပြန်လည်ရှင်းလင်းတင်ပြသည်နှင့် ဖြေဆိုရန်တာဝန်ရှိသော လယ်ယာ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနက ဖြေဆိုရန်အတွက်  ကြယ်ပွင့်ပြမေးခွန်းဖြစ်ပါကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍လည်း ဒေါ်ဥမ္မာသိန်းမှ သူမ၏ နစ်နာမှုအတွက်ကို ကော်မတီကို အကြိမ်ကြိမ်တင်ပြလာပါကြောင်း၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးကလည်းပဲ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်မှာရှိသော မ-၉/ ဦးပိုင်(၁၉)/ ဦးအောင်လှဝင်း အမည်ပေါက်ဂရန်မြေနှင့် ပတ်သက်ပြီး အမှုဖြစ်စဉ်တွင် တရားရုံးအချို့၊ အုပ်ချုပ်ရေးအာဏာပိုင်အချို့နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတို့က ဥပဒေနှင့် ညီညွှတ်ခြင်းမရှိဘဲ ပါဝင်စွက်ဖက်ခဲ့ခြင်းကြောင့် နစ်နာမှုများကို လွှတ်တော်တွင် မေးမြန်းခဲ့သည့်အပြင် ထိုကဲ့သို့ မေးမြန်းသည်ကိုလည်း ပြည်ထောင်စုအစိုးရမှ တစ်ဆင့်တင်ပြရာ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ ဖြေကြားခဲ့သော အဖြေလွှာမိတ္တူကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကတစ်ဆင့် နစ်နာသူထံသို့ လည်းကောင်း၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့လည်းကောင်း ပေးပို့တင်ပြလာပါကြောင်း၊ အဆိုပါ အဖြေလွှာနှင့် ပတ်သက်၍လည်း ဥပဒေနှင့် အညီ ပြန်လည်ရှင်းလင်းတင်ပြခြင်းဖြစ်ပါကြောင်း၊  

ပုဂ္ဂလိကအချင်းချင်း ဖြစ်ပွားစေခဲ့သော တရားမမှုခင်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ခံဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် သက်ဆိုင် ခြင်းမရှိဆိုသော ရှေ့နေချုပ်ရုံးမှ ဖြေကြားချက် သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ  ၎င်းတို့ကို ဖြေကြားရန်ပေးပို့ခဲ့သော ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့သာ ပြန်လည်တင်ပြသင့်သည့် ကိစ္စဖြစ်ပါကြောင်း၊ ပြည်သူတစ်ယောက်၏ နစ်နာဆုံးရှုံးနေခြင်းကို ပြည်သူကရွေးချယ် တာဝန်ပေးထားသော လွှတ်တော်သို့ မေးခွန်းများမေးမြန်းခဲ့ခြင်းသည်လည်း မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈၊ ပုဒ်မ၂၁ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၃၄၇ နှင့်အညီဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်း၊  ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြန်ကြားလာချက်သည်လည်း လျော်ကန်သင့်မြတ်မှုမရှိဟု ထင်မြင်ယူဆကြောင်း၊  ယင်းအမှုကိစ္စအတွက်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့သာ မေးမြန်းခြင်းဖြစ်ခဲ့ပါကြောင်း၊

ဝန်ကြီးဌာနက ၎င်းဌာန၏ လက်အောက်တွင်ရှိသော မန္တလေးမြို့ စာချုပ်စာတမ်းရုံးမှာရှိသော စာချုပ် စာတမ်းရုံး ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ ဆောင်ရွက်ခဲ့သော တရားမအထူးအယူခံအမှု အမှတ်စဉ်(၁)၊ အမှတ်စဉ်(၂)၊ အမှတ်စဉ်(၁၃)၊ အမှတ်စဉ်(၁၅/၂၀၀၂) ခုနှစ်၏ စီရင်ဆုံးဖြတ်ချက်ဖြစ်သော အချင်းဖြစ် မြေနှင့် ပတ်သက်ပြီး ၁၆-၉-၁၉၉၄ ခုနှစ်နောက်ပိုင်းတွင် ပိုင်ရှင်ဖြစ်သူ ဦးအောင်လှဝင်းထံမှ နောက်ထပ် ကိုယ်စားလှယ်လွှဲစာအသစ် လွှဲပြောင်းမပေးမချင်း၊ ကိုယ်စားလွှဲပြောင်းရောင်းချ ပေးကမ်း ခြင်းမပြုနိုင် ဆိုသည်ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီးကာ ဒေါ်ကြည်မြိုင်က အထွေထွေကိုယ်စားလှယ်လွှဲစာ တရားမဝင်ထပ်ပေးသော ဒေါ်သင်းသင်းနွယ်ကနေပြီး ဦးသိန်းထွန်းဦး သို့လည်းကောင်း၊ ဦးသိန်းထွန်းဦးမှ ဦးဝင်းကျော်ကျော်အောင်ပါ ၃ ဦးသို့ လည်းကောင်း လက်ဆင့်ကမ်းရောင်းချပေးခဲ့ခြင်းကို တရားမဝင်မှတ်ပုံတင်ပေးခဲ့သော စာချုပ်စာတမ်း များ ဦးစီးဌာန တာဝန်ရှိသူများ၏ လုပ်ရပ်သည် ဥပဒေနှင့် ညီညွတ်မှုရှိ/မရှိ မေးမြန်းခြင်းဖြစ်ပါကြောင်း၊ အဆိုပါကိစ္စသည် အဓိကဆောင်ရွက်ရသော စာချုပ်စာတမ်းရုံးများ၏ မိခင်ဌာနဖြစ်သော လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေဆိုပေးရန်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး ဖြေကြားရန်တာဝန်ရှိသော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဖြေကြားပေးပါရန် တင်ပြမေးမြန်းပါသည်။