(ဇ)-ကျိုက်လတ်မြို့နယ်မှရန်ကုန်မြို့သို့သင်္ဘောများ သွားလာရာတွင်မြစ်ကြောင်းကျဉ်း၍အခက်အခဲများ ရှိနေပါသဖြင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
ဧရာဝတီ တိုင်းဒေသကြီးသည် မြစ်ချောင်းများဖြင့် ဖွဲ့စည်းထားသောဒေသဖြစ်ပါကြောင်း၊ ယခင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်ရောက်မှသာလျှင် ကားလမ်းများ ပေါ်ပေါက်လာခဲ့ပြီး ယခု အခါ ဧရာဝတီတိုင်းဒေသကြီး၂၆ မြို့နယ်အားလုံး ကားလမ်းများဖြင့် သွားလာ၍ရပြီ ဖြစ်ပါကြောင်း၊ ယခင်က ကျိုက်လတ်မြို့မှ ရန်ကုန်မြို့သို့ ရေယာဉ်ဖြင့် ၇ နာရီခန့်သွားလာရသော်လည်း ယခုအခါ ရန်ကုန်မြို့သို့ ကားဖြင့် ၂ နာရီခွဲခန့်ဖြင့် သွားရောက်နိုင်ပြီဖြစ်ပါကြောင်း၊ သို့သော် ဒေသထွက် ဆန်စပါး၊ အုန်း၊ ငှက်ပျော၊ ဆား၊ စားသောက်ကုန်ပစ္စည်းများအား သင်္ဘောများဖြင့်သာ ရန်ကုန်မြို့သို့ ပို့ဆောင်နေရခြင်းများရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ပိုင် သမြတ်ပင် ကျေးရွာ အုပ်စု ကျောက်တိုင်စု ကျေးရွာရှိ မြစ်ကြောင်းတွင် တစ်မိုင်ခန့် သောင်ထွန်းနေခြင်း၊ လင်းတွန်ကျေးရွာ နှင့် ဒါနချောင်းကျေးရွာကြားတွင် မြစ်ကြောင်း ၆၀ ပေခန့်ရှိ၍ ၆ ဖာလုံခန့် သောင်ထွန်းနေခြင်း၊ ဒါန ချောင်းကျေးရွာမြစ်ဂွစုံတွင် မြစ်ကြောင်း ၅၀ ပေခန့်ရှိ၍ သောင်ထွန်းနေခြင်းကြောင့် ကျိုက်လတ်-ရန်ကုန်သင်္ဘော ၁၉ စီး၊ ဖျာပုံ-ရန်ကုန် ၂၁ စီး၊ ဘိုကလေး-ရန်ကုန် ၁၄ စီး၊ မော်လမြိုင်ကျွန်း-ရန်ကုန် ၃၁ စီးနှင့် လပွတ္တာမြို့မှ အခြားသင်္ဘောများ နေ့စဉ် သွားလာမှုများ တွင် အခက်အခဲများဖြစ်နေပါ၍ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။