(က)-မြန်မာ့အားကစား မြင့်မားတိုးတက်ရေး အ တွက်ပြုပြင်ထိန်းသိမ်းစရိတ်၊ပြိုင်ပွဲစရိတ်များကိုနှစ်စဉ် ဘတ်ဂျက်များတွင်ထည့်သွင်းချထားပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာ့အားကစား အောင်မြင်တိုးတက်ရေးအတွက် အခြေခံကျသော မြို့နယ်/ခရိုင်များတွင် အားကစားပြိုင်ပွဲ များ များများကျင်းပနိုင်ရန် လိုအပ်ပါကြောင်း၊ မြို့နယ်များတွင် ရပ်ကွက်/ကျေးရွာပြိုင်ပွဲများကျင်းပပြီး အားကစားနည်းအလိုက် အလားအလာရှိသော အားကစားများကို ရှာဖွေစုဆောင်းလေ့ကျင့်ပြီး ခရိုင်များတွင် မြို့နယ်အလိုက်ပြိုင်ပွဲကျင်းပခြင်း၊ ထိုမှတစ်ဆင့် အားကစားသမားတစ်ဦးသည် အဆင့်ဆင့်ရွေးချယ်ယှဉ်ပြိုင် ရသောကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခြင်းဖြင့် ပြိုင်ပွဲအတွေ့အကြုံများရရှိကာ အရည်အချင်းပြည့်ဝပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ဦး ဖြစ်လာနိုင်မည် ဖြစ်ပါကြောင်း၊ အားကစားသမားများ ရှာဖွေစုဆောင်း လေ့ကျင့်ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရန် အောက်ခြေအဆင့်များဖြစ်သည့် မြို့နယ်/ခရိုင်များတွင် အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရန်အတွက် ယခင်ကဲ့သို့ ဒေသဆိုင်ရာလုပ်ငန်းရှင်များ၊ အလှူရှင်များ၏ အကူအညီတောင်းခံပြီး ဒေသအာဏာပိုင်များအား အမြဲအားကိုးနေ၍ အဆင်မပြေနိုင်တော့ပါကြောင်း၊ မြို့နယ်များတွင် ကျေးရွာအလိုက်ကျင်းပသော အားကစားပြိုင်ပွဲများ၊ ကျောင်းများတွင်ကျင်းပသော အားကစားပြိုင်ပွဲများ၊ လူမှုရေးအဖွဲ့အစည်းများတွင်ကျင်းပသော အားကစားပြိုင်ပွဲများ၌ ပြိုင်ပွဲတွင်လိုအပ်သော အားကစားပစ္စည်းများကို မြို့နယ်/ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနကို သွားရောက်ငှားရမ်းလျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အားကစားပစ္စည်းများကို ပုံမှန်စစ်ဆင်စိစစ်ချထားပေးခြင်း မရှိသည်ကိုလည်း သိရှိရပါကြောင်း၊ အားကစားသမားများ၊ အားကစားကွင်း၊ အားကစားခန်းမများ အဆင်ပြေချောမွေ့ သန့်ရှင်းသာယာစွာဖြင့် အားကစားလေ့ကျင့်နိုင်ရန်အတွက် အားကစားခန်းမများ သန့်ရှင်းသာယာရေးအတွက် ခရိုင်/မြို့နယ်/အားကစား ကာယပညာဦးစီးဌာန၏ ဖွဲ့စည်းပုံအရ မြို့နယ်အတွင်း အရာထမ်း (၁) ဦး၊ အမှုထမ်း (၅) ဦး၊ ခရိုင်တွင် အရာထမ်း (၂) ဦး၊ အမှုထမ်း (၂) ဦး ရှိသော်လည်း မြို့နယ်/ခရိုင်များတွင် စုစုပေါင်း (၃) ဦး သို့မဟုတ် (၄) ဦးသာရှိသည့်အတွက် အားကစားကွင်း၊ အားကစားခန်းမများ အမြဲသန့်ရှင်းသာယာလှပစေရန် ထိန်းသိမ်းစောင့်ရှောက်နိုင်မှု အားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ အားကစားဂုဏ်သိက္ခာ မြင့်မားတိုးတက်ခြင်းသည် နိုင်ငံတော်၏ဂုဏ်သိက္ခာ မြင့်မားတိုးတက်စေပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အားကစားမြင့်မားတိုးတက်စေရန် နိုင်ငံတော်မှအားထားရသည့် အရည်အချင်းပြည့်ဝသော အားကစားသမားများ နှစ်စဉ်မွေးထုတ် ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ရေးဆွဲပြီး အားကစားပြက္ခဒိန်များ၊ လအလိုက်ကျင်းပသည့် ပြိုင်ပွဲများ လေ့ကျင့်ရန်နှင့် ပြိုင်ပွဲများကျင်းပနိုင်ရန် အားကစားပစ္စည်းများ၊ အားကစားကွင်း၊ အားကစားခန်းမများ ပြုပြင်ထိန်းသိမ်းစရိတ်များကို နှစ်စဉ် ဘတ်ဂျက်များတွင် ထည့်သွင်းချထားပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။