(ဆ)-ရွှေကူမြို့နယ်၊စီသာကျေးရွာနှင့်မြို့ကုန်းကျေးရွာ တို့တွင်ရဲကင်းသို့မဟုတ်ရဲစခန်းတစ်ခုဖွင့်လှစ်ထား ရှိရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရွှေကူမြို့နယ်၊ စီသာတိုက်နယ်သည် ရွှေကူမြို့၊ မြို့မရဲစခန်းနှင့် ၁၀ မိုင်ကျော်ဝေးပြီး ကျေးရွာအုပ်စု (၈)အုပ်စုရှိ၍ ကျေးရွာပေါင်း ၂၀ ကျော်ရှိပါသည်။ အချို့ရွာများသည် ၁၅ မိုင်ကျော်ခန့်ဝေးကွာပြီး ကျယ်ပြန့်သောဒေသ ဖြစ်သဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် လက်လှမ်းမမီဖြစ်လျက်ရှိပါကြောင်း၊ ယခင်အစိုးရ များလက်ထက်၌ စီသာတွင် ရဲကင်းထားရှိခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး အကြောင်းအမျိုးမျိုးကြောင့် စီသာရဲကင်းအား ယနေ့အထိ ရုပ်သိမ်းထားခဲ့ပါကြောင်း၊ ယခုအခါတွင် ဒေသအခြေအနေအရ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မရှိမဖြစ် လိုအပ်လာပါကြောင်း၊
မြို့ကုန်းတိုက်နယ်သည် ရွှေကူမြို့နှင့် ၁၅ မိုင်မှ ၁၈ မိုင်အထိ ဝေးကွာပြီး မြို့လှမြို့နယ်ခွဲနှင့် အလှမ်း ဝေးခြင်း၊ ကျောက်ကြီးရဲစခန်းနှင့်လည်း အလှမ်းကွာဝေးသောဒေသဖြစ်ပါသည်။ ယခုအခါ ကသာ-ဗန်းမော်ကားလမ်းနှင့် ကသာ-ဗန်းမော်ရထားလမ်းပေါ်တွင်ရှိ ရထားဘူတာများ၊ ကားဂိတ်များရှိလာခြင်းကြောင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ရဲစခန်းတစ်ခုထားရှိရန် လိုအပ်လာပါကြောင်း၊
သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာတိုက်နယ်တွင် ရဲကင်း သို့မဟုတ် ရဲစခန်း ပြန်လည်ထားရှိရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်နည်း။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ထားရှိပေးမည်နည်း။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းတိုက်နယ် တွင်လုံခြုံရေးအတွက် ရဲစခန်းတစ်ခုဖွင့်လှစ်ထားရှိရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့်နည်း၊ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ထားရှိပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။