(င)-နိုင်ငံတော်စီးပွားရေးအတွက်ဝင်ငွေပိုမိုတိုးတက် လာစေရန်နှင့်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမြှင့် တင်နိုင်ရန်မြန်မာ့ခရီးသွားနှစ်တစ်နှစ်ကိုသတ်မှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဗိုလ်မှူးအောင်ကျော်နှင်း (တပ်မတော်သားကိုယ်စားလှယ်)
ယခင်အစိုးရလက်ထက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေရန် နိုင်ငံ၏သာယာလှပသော ရေမြေတောတောင်ရှုခင်းများ၊ ရေချိုးဆိပ်များ၊ ပင်လယ်ကမ်းခြေများ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ရှေးဟောင်းစေတီပုထိုး ယဉ်ကျေးမှု အမွေအနှစ်လက်ရာများကို ကမ္ဘာကသိရှိစေရန် ဝန်ဆောင်မှုကဏ္ဍမှ နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး မြန်မာ့ခရီးသွားနှစ် ၁၉၉၆ (Basic Myanmar Year 1996)ကို သတ်မှတ်၍ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း၊
ယနေ့အချိန်တွင်လည်း မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအတွက် အကောင်းဆုံးဝန်ဆောင်မှု များ ပေးနိုင်သည့်အခြေအနေ၊ ကမ္ဘာ့နိုင်ငံအများစု၏ စိတ်ဝင်စားမှုခံရသောအခြေအနေ၊ ကမ္ဘာ့စီးပွာရေး လုပ်ငန်း ရှင်ကြီးများ၏ မျက်စိကျသည့် ဘက်စုံကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အလားအလာကောင်းများရှိနေသည့် အခြေအနေကို နိုင်ငံအနေဖြင့် အခွင့်အရေးတစ်ရပ်အဖြစ် ဆုပ်ကိုင်ပြီး အကောင်းဆုံးအသုံးချကာ နိုင်ငံခြား ဝင်ငွေပိုမိုရရှိအောင် ခရီးသွားလုပ်ငန်းများကို ယခုထက်ပိုမို ဈေးကွက်မြှင့် တင်ဆောင်ရွက်သွားရ မည်ဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆက်စပ်လုပ်ငန်းများဖြစ်သော လေကြောင်းလိုင်း နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ စားသောက်ဆိုင်၊ ဟိုတယ်၊ ဧည့်လမ်းညွှန်နှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ အနုပညာယဉ်ကျေးမှုလက်ရာ အမှတ်တရရောင်းချခြင်း လုပ်ငန်းများပါ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းကို အခြေပြုပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေများ ပေါ်ပေါက်လာနိုင်ရုံသာမကဘဲ လူမှုရေး၊ စီးပွားရေးနယ်ပယ်တွင်ပါ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ၂.၀၄ သန်းဝင်ရောက်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၉၂၆ သန်း ရရှိခဲ့ပြီး ၂၀၁၄ ဇူလိုင်လအထိ ဧည့်သည် ၁.၆ သန်း ဝင်ရောက်ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ ဧည့်သည်သုံးသန်းဝင်ရောက်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ဟုလည်း သိရှိရပါကြောင်း။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဆွဲဆောင်မှုကောင်းမွန်စွာနှင့် မြင့်မားသောဝန်ဆောင်မှုများ ပေးနိုင်ပါက ကမ္ဘာလှည့်ခရီးသွား များသည် ကျေနပ်နှစ်သက်ကြမည်ဖြစ်ပြီး နိုင်ငံ့ဝင်ငွေတိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မြန်မာ့ခရီးသွား နှစ် ၁၉၉၆ (Basic Myanmar Year 1996) ကဲ့သို့သော တစ်နှစ်ကို သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် သတ်မှတ်မည်နှင့် အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။