(ဂ)-တိုင်းရင်းသား မျိုးနွယ်စုများတွင် ရိုဟင်ဂျာ လူမျိုးမရှိကြောင်းအား မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးအား သိရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

မိမိတို့နိုင်ငံတွင် တိုင်းရင်းသား မျိုးနွယ်စု ၁၀၀ ကျော်ရှိပြီး မူလတိုင်းရင်းသားမျိုးနွယ်စုတွင် ရိုဟင်ဂျာ မပါ သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ရိုဟင်ဂျာ အမည်သည် ဗြိတိသျှကိုလိုနီကာလ တစ်လျှောက်လုံး တွင် တရားဝင်စာရွက် စာတမ်းများမရှိသည့် အမည်ဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအရ လူမျိုးသစ် တစ်ခုအဖြစ် ဖန်တီးလာခြင်းဖြစ်ပါကြောင်း၊ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးမှတ်တမ်းတွေ ထိန်းသိမ်းထားသည့် လန်ဒန်ရှိ India Office Record (မှတ်တမ်း)တွင် ရိုဟင်ဂျာဆိုသည့် ဝေါဟာရ ဖော်ပြထားခြင်းမရှိသည်ကို လေ့လာသိရှိခဲ့ပါကြောင်း၊ ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ UNHCR အကြီးအကဲ Antonia Guterres နှင့် တွေ့အချိန် တွင် လည်းကောင်း၊ နယ်သာလန်ခရီးစဉ်တွင်လည်းကောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊  ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ယခင်အစိုးရနှင့် ယခုအစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇူလိုင်လ BBC ရုပ်သံဌာနနှင့် တွေ့ဆုံ မေးမြန်းစဉ်တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် တွေ့ဆုံချိန်တွင်တစ်ကြိမ်၊ ၂၇-၃-၂၀၁၇ ရက်နေ့ (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်တစ်ကြိမ်၊ အောက်တိုဘာလ ၁၆ ရက် ကုလသမဂ္ဂနိုင်ငံရေးဌာနအကြီးအကဲဖြစ်သည့် Mr. Jeffrey Feltmanနှင့် တွေ့ဆုံချိန်တွင် တစ်ကြိမ် ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေးအကြောင်းပြပြီး ပဋိပက္ခဖြစ်စဉ် ရှုပ်ထွေးမှုများ ဖြစ်နေခြင်းသည် ရှေးယခင်ကတည်းကဖြစ်ပါကြောင်း၊  ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများ ကို စနစ်တကျ ရှင်းလင်းနိုင်ခြင်းမရှိပါက ရခိုင်ပြည်နယ်သည် Disintegration ဖြစ်သွားနိုင်ပါကြောင်း၊ ရိုဟင်ဂျာမရှိကြောင်း၊ ပြတ်ပြတ်သားသားတုံ့ပြန်မှုမရှိဘဲ မြွေမသေ၊ တုတ်မကျိုးပုံစံမျိုးဆိုပါက ဆိတ်ဆိတ်နေ ခြင်းသည် ဝန်ခံခြင်းသဘောကို သက်ရောက်သွားသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် UN အပါအဝင် OIC လို အဖွဲ့ကြီးများ၏ ဖိအားများအောက်တွင်ရုန်းထွက်ရန် ခက်ခဲသွားမည်ဖြစ်ပါကြောင်း၊ UN ၏ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီက ၁၆-၉-၂၀၁၆ ရက်နေ့ တွင် ရိုဟင်ဂျာများ Self Identification လို့ခေါ်သည့် မိမိကိုယ်ကို မိမိအတည်ပြုဖော်ပြခွင့်ကို UN ၏ နိုင်ငံတကာ အတည်ပြုထား သည့် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးဥပဒေအရ ဖော်ပြခွင့်ရှိရမည်ဟု R to P အဖွဲ့၏ ကြေညာစာတမ်းတွင် မှတ်ချက်ပြုခဲ့ပါကြောင်း၊ ၎င်းထက်ဆိုးသည်မှ ရိုဟင်ဂျာများကို တိုင်းရင်းသားလူမျိုးစုအဖြစ် ပေးရန်ဖော်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊  ရခိုင်ပြည်နယ် ရိုဟင်ဂျာ၊ ဘင်္ဂါလီအရေး သည် ရှုပ်ထွေးပြီး နူးညံ့သိမ်မွေ့စွာ ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ အချိန်ကြာလာမည်ဆိုပါက အသိုင်းအဝိုင်း နှစ်ခုကြားတွင် ပဋိပက္ခများ ပိုမိုဆိုးရွားစွာ ဖြစ်လာနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါ ကြောင်း၊ ရခိုင် ပြည်နယ်အရေးတွင် နိုင်ငံတကာဖိအားကို ဂရုမစိုက်၍မရဘူးဆိုသည်မှ မှန်သော်လည်း ဂရုစိုက်လွန်းအားကြီးပါက အမှားမှားအယွင်းယွင်း မလုပ်မိရန် သတိပြုရမည်ဖြစ်သလို ထိလွယ်ရှလွယ် အနေ အထားဖြစ်သည့်အတွက် ထိမှာရှမှာကြောက်၍ မကိုင်တွယ်ဘူးဆိုပါက ပိုမိုဆိုးရွားသွားနိုင်သည်ကို သတိ ထားရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးတွင် အတိတ်ကဖြစ်ခဲ့သည်ကို ပြန်ပြင်၍ မရသော် လည်း သင်ခန်းစာယူပြီး အနာဂတ်အတွက် ပိုမိုကောင်းမွန်အောင် အချင်းမပွား၊ အငြင်းမပွား၊  ဖြစ်စဉ်အမှန် များကို နိုင်ငံတကာအစိုးရအဖွဲ့အစည်း၏ မီဒီယာများသိရှိအောင် မည်ကဲ့သို့ဆောင်ရွက်မည်ကို အစိုးရ၊ လွှတ်တော်၊ သမိုင်းပညာရှင်များ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်စိတ်တစ်ဝမ်းတည်းပူး ပေါင်းဆောင်ရွက်ကြရန်နှင့် Printed Medial Social Media များမှလည်း ဝိုင်းဝန်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားမျိုးနွယ်စုများ တွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းအား မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံ အသီးသီးအား သိရှိစေရန် မည်သို့စီစဉ်ဆောင်ရွက် ထားသည်ကို သိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။