(စ)-တမူးမြို့မှ တစ်ဖက်နိုင်ငံနယ်စပ်မြို့သို့ ခုနှစ်ရက်ပတ်စပို့ သို့မဟုတ် နေ့ချင်းပြန် ပတ်စပို့ဖြင့် တရားဝင် ကူးသန်းသွားလာခွင့်ရရှိရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
တမူးမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသ စီးပွားရေးတံခါးပေါက်မြို့တစ်မြို့ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့စားသုံးသူ အကြီးမားဆုံး ဈေးကွက်တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် အများဆုံး ကုန်သွယ်မှုပြုနေသော နယ်စပ်မြို့လည်း ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့လည်းဖြစ်ပါကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နယ်နိမိတ် မျဉ်းပေါ်တွင် တည်ရှိသော တံတားကို တစ်ဝက်စီ ပိုင်ဆိုင်ပါကြောင်း၊ တစ်ဖက်နိုင်ငံက အိန္ဒိယ နိုင်ငံသားများသည် မြန်မာနိုင်ငံကို လာရောက်မည်ဆိုပါက ဂိတ် Pass အနေဖြင့် အိန္ဒိယငွေ ၁၀ ရူပီ ကောက်ခံပါကြောင်း၊ မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ခွင့်ပြုထားပါကြောင်း၊ အိန္ဒိယနိုင်ငံသား များထံမှ Identity Card သို့မဟုတ် မဲပေးကဒ်တစ်ခုခု လက်ခံရယူထားပါကြောင်း၊ ဖြတ်ပိုင်းကို မိမိတို့ပြန်ပေးပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသားများ တစ်ဖက်အိန္ဒိယနိုင်ငံကိုသွားရောက်ပါက အဆိုပါ ဂိတ်တွင် မိမိတို့က မှတ်ပုံတင်ကဒ်များထားခဲ့ပြီး အမည်စာရင်းပေးရပါကြောင်း၊ ၎င်းတို့ လက်ခံ ရေးထားသော်လည်း မိမိတို့ကို တရားဝင်အထောက်အထား မည်သည်ကိုမျှ ပေးအပ်ခြင်းမရှိပါ ကြောင်း၊ မိမိတို့ ယခုကဲ့သို့ တရားမဝင်သွားရောက်နေသည့်အတွက် တစ်ဖက်နိုင်ငံတွင် နယ်မြေ မအေးချမ်းမှုဖြစ်ပါက မိမိတို့နိုင်ငံမှ တရားမဝင်ဖြတ်သန်းသွားလာသူများအတွက် အာမခံချက်နှင့် လုံခြုံမှုမှာ ထိခိုက်မှုများ၊ အားနည်းမှုများနှင့် ပြဿနာမျိုးစုံဖြစ်စေပါကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်များ ကြုံတွေ့နေရသည့် မိမိတို့နိုင်ငံသားများသည် လူတစ်ဦးချင်းလွတ်လပ်မှု၊ လုံခြုံမှုကိုပေးသည့် တရားဝင်ကူးသန်းသွားလာခွင့်ကိုသာ ရရှိလိုပါကြောင်း၊ သို့သော် ယခုအချိန်တွင် စီးပွားရေးအရ ကူးလူးဆက်ဆံနေရသဖြင့် မသွားဘဲ မနေနိုင်ကြပါကြောင်း၊
Main Arterial Road 22 High Way လမ်းကြီး၊ တမူး-စစ်တောင်း-ပင်လယ်ဘူး-ထီးချိုင့်-မန်ဝင်းလေး-စက်ဝန်း-ခတောင်း-မံစီ-နမ့်ခမ်း-မူဆယ်လမ်းကြီးသည် ၃၄၈.၇၅ မိုင်သာ ရှည်လျားပါကြောင်း၊ လူဦးရေ ၁၃၄၇ သန်းကျော်ရှိသည့် အိန္ဒိယနိုင်ငံနှင့် လူဦးရေ ၁၄၁၂ သန်းကျော်ရှိသည့် တရုတ်နိုင်ငံကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး တည်ဆောက်ပြီးစီးမည်ဆိုပါက ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကို အနီးဆုံးဆက်သွယ်ပေးမည့် လမ်းတစ်လမ်းဖြစ်မည်ဖြစ်ပါကြောင်း၊ ထိုလမ်း၏ အဝင်/အထွက်ပေါက်မှာ တမူးမြို့ဖြစ်နေသဖြင့် မကြာခင် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရေးအပါဆုံးဖြစ်လာမည့် တမူးမြို့နယ်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တရားဝင်ကူးသန်း သွားလာ ခွင့်ရရှိရေး ကြိုတင်လုပ်ဆောင်ရန် လိုနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံတမူးမြို့နယ်မှ တစ်ဖက် နိုင်ငံနယ်စပ်မြို့သို့ ခုနစ်ရက် သို့မဟုတ် နေ့ချင်းပြန် ပတ်စပို့ဖြင့် တရားဝင်ကူးသန်းသွားလာခွင့် ရရှိစေရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။