(က)-စစ်ရေး အထောက်အကူပြု ဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူလိုက်ပါဆောင်ရွက် စဉ်အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခံခဲ့ရသော ပြည်သူများ နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး အစိုးရအဆက်ဆက်ကို လက်နက်ကိုင်တော်လှန် ပုန်ကန်မှုများ ဖြစ်ပွားခဲ့ပါကြောင်း၊ အဆိုပါကာလက စစ်ပွဲဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူများသည် မြန်မာ့တပ်မတော်၏ စစ်ရေးအထောက်အကူပြုလုပ်ငန်းကို လူ၊ ငွေကြေး၊ နွားလှည်းယာဉ် စသည်တို့ဖြင့် ပါဝင်ကူညီထမ်းဆောင်ခဲ့ကြပါကြောင်း၊ ထိုသို့ ပါဝင်ကူညီထမ်းဆောင်ကြခြင်းဖြင့် လှည်းနွားယာဉ်များ ဆုံးရှုံးခြင်း၊ ခြေလက်အင်္ဂါများနှင့် အသက်ဆုံးရှုံးရခြင်းများကိုပါ ကြုံတွေ့ရပါကြောင်း၊ ယင်းသို့ ကြုံတွေ့ရခြင်းများကြောင့် ကျန်ရစ်သူမိသားစုများနှင့် ဒုက္ခိတဘဝဖြစ်ခဲ့ရသူများတွင် ဘဝကို ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများ ရှိပါကြောင်း။
အဆိုပါ ပြည်သူများသည် နိုင်ငံတော်အတွက် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ စွန့်လှူသွားခဲ့ကြသော်လည်း မည်သည့် အသိအမှတ်ပြုလက်မှတ်၊ ဂုဏ်ထူးဆောင်စရိတ်မှ ရရှိခဲ့ခြင်းမရှိပါကြောင်း၊ ထိုသို့ အသက်စွန့် ကိုယ်ခန္ဓာစွန့်လှူသွားကြသူများနှင့် ၎င်းတို့၏ ကျန်ရစ်သူမိသားစုများကို နိုင်ငံတော်က အသိအမှတ်ပြုပြီး ပြန်လည်ကြည့်ရှုစောင့်ရှောက်ပေးနိုင်မည်ဆိုပါက နိုင်ငံတော်၏ ကြီးမားသော ဆောင်ရွက်ချက် တစ်ရပ် ဖြစ်မည်ဟု ယုံကြည်ယူဆမိပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ရေးအထောက်အကူပြု ဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်ရင်း အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခံခဲ့ကြရသော ပြည်သူများစာရင်း ဒေသမြို့နယ်အလိုက်ပြုစုခြင်းရှိပါသလား။ (၂) ထိုသူ များအား သက်ဆိုင်ရာမှ အသိအမှတ်ပြုမှုများ၊ ကူညီထောက်ပံ့မှုများ မည်သို့ဆောင် ရွက်ပေးခဲ့ပါ သနည်း။ (၃)ဆောင်ရွက်ပေးခဲ့ခြင်းမရှိပါလျှင် အသက်ရှင်ကျန်ရစ်ပြီး ဒုက္ခိတဘဝရောက် သူနေများ အားလည်းကောင်း၊ ကျန်ရစ်သူမိသားစုဝင်များအားလည်းကောင်း နိုင်ငံတော်မှ ပြန်လည်ကြည့်ရှု စောင့်ရှောက်ခြင်းအနေဖြင့် ကူညီထောက်ပံ့မှုများပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။