(ဃ)-ဒီမိုကရေစီဖော်ဆောင်နေသော နိုင်ငံများမှ အစိုးရများစုပေါင်း၍ Open Government Partnership ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ထိုအဖွဲ့သို့ဝင်ရောက်ရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးတင်မောင်ဦး (ရွှေပြည်သာ)OGP (Open Government Partnership)ဟုခေါ်သော ပွင့်လင်းမြင်သာသော အစိုးရနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ၂၀၁၁ ခုနှစ်ကစတင်ပြီး ဘရာဇီး၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မက္ကဆီကို၊ နော်ဝေး၊ တောင် အဖရိက၊ အင်္ဂလန်နှင့်အမေရိကန် စုစုပေါင်း ၈ နိုင်ငံနှင့် ဖွဲ့စည်းခဲ့ပါကြောင်း၊  ၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၆၃ နိုင်ငံ ဖွဲ့စည်းပြီး အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ OGP ဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ အစိုးရနှင့် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ယနေ့ ဒီမိုကရေစီဖော်ဆောင်နေသော မိမိတို့နိုင်ငံအနေဖြင့် အစိုးရကိုအကူအညီပေးမည့် အသင်းအဖွဲ့များ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ ပေါ်လာရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အသင်းအဖွဲ့များအားကောင်းစေရန် ပြည်ထောင်စုလွှတ်တော်ကလည်း အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဆိုင်ရာဥပဒေကို တာဝန်ကျေစွာနှင့် ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ကလည်း ၎င်းကို ခေတ်မီပြောင်းလဲတိုးတက်နေသည့်အချိန်တွင် အသင်းအဖွဲ့များကို စည်းရုံးပြီး နိုင်ငံတော်တိုးတက်ရေးအတွက် ခေါ်သွားရမည်ဖြစ်ပါကြောင်း၊ အစိုးရဘက်က ပြောင်းလဲနေသကဲ့သို့ အသင်းအဖွဲ့များသည် အရည်အချင်းရှိသည့် အသင်းအဖွဲ့များ ဖြစ်လာရန် လိုပါကြောင်း၊ အသင်းအဖွဲ့များ  အားကောင်းလာမည်ဆိုပါက မိမိတို့နိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးတွင် အစိုးရချည်းသက်သက်၊ လွှတ်တော် ချည်းသက်သက်၊ ပါတီများသက်သက်မဟုတ်ဘဲ နိုင်ငံအတွင်းရှိ အသင်းအဖွဲ့များက ဝိုင်းဝန်း ကူညီကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၆ တွင် OGP ဝင်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် OGP သို့ ဝင်ရောက်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သို့ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး မည်သည့်အချိန်တွင် ဝင်ရောက်ရန် ရည်ရွယ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။