(ဂ)-လယ်မဲ့ယာမဲ့ လက်လုပ်လက်စားများ အတွက် လယ်ယာမြေများဖော်ထုတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ယခု နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ပြည်သူများဆင်းရဲနွမ်းပါးမှု လျော့ကျစေရေးအစီအစဉ်များ ကို စီမံကိန်းများချမှတ်၍ ဆောင်ရွက်ပေးလေ့ရှိပါကြောင်း၊ လယ်ယာမြေရှိကြသော တောင်သူ လယ်သမားများ အတွက် လယ်တစ်ဧကလျှင် ၁၀၀၀၀၀ ကျပ်၊ ယာတစ်ဧကကို ၂၀၀၀၀ ကျပ်နှုန်းဖြင့် ၁၀၀ ကျပ်လျှင် တစ်လကို ၄၅ ပြားနှုန်းအတိုးဖြင့် ချေးပေးလျက်ရှိပါကြောင်း၊ အလားတူသမဝါယမဝန်ကြီး ဌာနကလည်း လယ်ယာမြေရှိသော တောင်သူလယ်သမားများကို အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးနေလျက်ရှိပါကြောင်း၊ လယ်မဲ့ယာမဲ့ လက်လုပ်လက်စား ဆင်းရဲသား ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရေး အတွက်ကိုလည်း ဆင်းရဲနွမ်းပါးမှု လျော့ချစေရန် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ရပ်ရပ်ဖြင့် စီစဉ်ဆောင်ရွက်ပေးသင့် သည်ဟု တင်ပြလိုပါကြောင်း၊ နိုင်ငံတော်မှ လယ်ယာမြေများဖော်ထုတ်ပြီး စိုက်ပျိုး သီးနှံများ အထွက်တိုးအောင် ဆောင်ရွက်ပေးခြင်းသည်လည်း နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ရပ်ပဲ ဖြစ်ပါကြောင်း၊
ထို့ပြင် လယ်မဲ့ယာမဲ့လက်လုပ်လက်စား ပြည်သူ များအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ဆောင်ရွက်ပေးနိုင်ပါက ထိရောက်သော ဆင်းရဲနွမ်းပါးမှု လျော့ချစေခြင်း လုပ်ငန်း များကို များစွာအထောက်အကူပြုနေလိမ့်မည်ဟုတင်ပြလိုပါကြောင်း၊
ထို့ကြောင့် နိုင်ငံအဝန်းရှိ လယ်မဲ့ယာမဲ့လက်လုပ်လက်စား ဆင်းရဲသား ပြည်သူများအတွက် လိုအပ်ပြီး သင့်တော်သောကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန် ရည်ရွယ်ပြီး လယ်ယာမြေများဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ နိုင်ငံအဝန်းရှိ လယ်မဲ့ယာမဲ့ လက်လုပ် လက်စား ပြည်သူများအတွက် အတိုးနှုန်းသက်သာသော အရင်းအနှီးချေးငွေများကို ချေးပေး၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံဆောင်ရွက်နေသည် တို့အား သိရှိလိုပါကြောင်းမေးမြန်းပါသည်။