(င)-ရပ်စောက်မြို့တွင်တယ်လီဖုန်းလိုင်းကောင်းမွန် စွာ ဖမ်းယူရေးအတွက် လက်ရှိတာဝါတိုင်အားမြေ အနေအထားအရသင့်လျော်သောနေရာသို့ရွှေ့ပြောင်း တည်ဆောက်ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း
ဒုတိယဗိုလ်မှူးကြီးသိမ်းထွဋ် (တပ်မတော်သားကိုယ်စားလှယ်

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် ယခင်က CDMA 450 MHz နှင့် 800 MHz ဖုန်းများကို လိုင်းဆွဲအားကောင်းမွန်စွာ ပြောဆိုနိုင်ခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ်၊ သြဂုတ်လတွင် ရပ်စောက်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ဝင်းအတွင်း၌ နေရာရွေးချယ်ပြီး GSM တာဝါတိုင်ကို စတင်တည်ဆောက်ခဲ့ပြီး ၁၂- ၁၀- ၂၀၁၁ ရက်နေ့တွင် စတင်အသုံးပြုနိုင်ခဲ့ရာ လက်ရှိအခြေအနေတွင် တယ်လီဖုန်း ၅၃၀၀ လုံးခန့် တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း၊ သို့သော် တာဝါတိုင်တပ်ဆင်ထားသည့်နေရာ၊ မြို့တည်ရှိရာ မြေမျက်နှာပြင်ညီသည့်နေရာတွင် တည်ဆောက်ထားပြီး တောင်ပေါ်ဒေသဖြစ်သည့်အတွက် မြေအနိမ့်အမြင့် ကွာခြားမှုများကြောင့် ရပ်စောက်မြို့အတွင်းမှာပင် တယ်လီဖုန်းလိုင်းများ ကောင်းစွာမမိခြင်း၊ လိုင်းမိသည့်အနေအထားများ မတူညီခြင်းတို့ တွေ့ရှိရသည့်အပြင် တပ်ဆင်ထားသည့် စက်အမျိုးအစားသည် အဝေးလိုင်း 2E14N ဖြစ်သည့်အတွက် သုံးစွဲမှုအင်အားလည်း သတ်မှတ်ချက်ထက် ပိုမိုလျက်ရှိပါကြောင်း၊ ရပ်စောက်မြို့တွင် တပ်ဆင်ထားသော GSM တာဝါတိုင်နှင့် တပ်ဆင်ထားသော စက်များသည် တပ်ဆင်ထားသည့်နေရာ အနေအထားမကောင်းခြင်း၊ တယ်လီဖုန်းလိုင်းအင်အား မမျှတခြင်း၊ လွှင့်ထုတ် နိုင်သည့် အင်အားနည်းခြင်း၊ လွှမ်းခြုံနိုင်သည့်အနေအထားနည်းပါးခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့အပြင် တယ်လီဖုန်းလိုင်းများကိုလည်း ရောင်းချပေးလျက်ရှိပြီး ထပ်မံရောင်းချသွားရန် အစီအစဉ်ရှိသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် တပ်ဆင်ထားသော GSM စနစ်သုံး တယ်လီဖုန်းတာဝါတိုင်သည် မြို့တွင်းတွင်သာ တပ်ဆင်ထားခြင်းကြောင့်လည်းကောင်း၊ တောင်ပေါ်မြို့ ဖြစ်သည့်အတွက် မြေအနိမ့်အမြင့် ကွာခြားမှုကြောင့်လည်းကောင်း ရပ်စောက်မြို့အတွင်းမှာပင် တယ်လီဖုန်း လိုင်းမိသော အနေအထားများ မတူညီသည့်အတွက် GSM တယ်လီဖုန်းလိုင်း ကောင်းမွန်စွာ ဖမ်းယူရရှိရေး လက်ရှိတပ်ဆင်ထားသောတာဝါတိုင်ကို မြေအနေအထားအရ သင့်တော်ရာနေရာသို့ ရွှေ့ပြောင်း တည်ဆောက်ခြင်း သို့မဟုတ် တာဝါတိုင် ထပ်မံတည်ဆောက်ခြင်းများ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။