(က)-အာရှလမ်းမကြီးတာကော်တံတားအား နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မိတ္ထီလာ-တောင်ကြီး-တာချီလိတ် အာရှလမ်းမကြီး မိုင်တိုင် ၂၈၃/၄ တွင် တာကော်တံတား အမှတ် (၃/၂၈၄) တံတားကြီးရှိပါကြောင်း၊ တံတား အရှည်မှာ ၇၈၀ ပေ၊ အကျယ်ယာဉ်သွားလမ်း ၂၂ ပေ၊ လူသွားလမ်းတစ်ဖက် ၃ ပေစီရှိပြီး ရေလယ်တိုင် ၄ တိုင် ပါရှိပါကြောင်း၊ အဆိုပါတံတားကို မြန်မာအင်ဂျင်နီယာပညာရှင် AE ဦးသန့်ဇင်နှင့် တရုတ်ပညာရှင် Mrs ဟာဝေချမ်းတို့က ၁၉၆၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ပြီးစီးခဲ့ရာ နှစ်ပေါင်း ၄၀ ကျော်တည်ရှိခဲ့ပြီး သံပေါင်ခံကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ကာ ခံနိုင်ဝန်အား ၃၂ တန်သာ ရှိပါကြောင်း၊ မိတ္ထီလာ-တောင်ကြီး-တာချီလိတ် အာရှလမ်းမကြီးသည် ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံသို့ ကူးသန်းရောင်းဝယ်ရာတွင် အဓိကလမ်းမကြီးဖြစ်ပြီး ယာဉ်သွားယာဉ်လာများ အလွန်များပြားပါကြောင်း၊ ယခုအချိန်တွင် အဆိုပါတံတားကြီးသည် နှစ်ပေါင်းကြာမြင့်လှပြီဖြစ်ရာ တံတားကြံ့ခိုင်မှုမှာလည်း စိုးရိမ်ဖွယ်ဖြစ်လာရာ အာရှလမ်းမကြီးဖြစ်သည်နှင့်အားလျော်စွာ ခေတ်နှင့် လျော်ညီသော အဆင့်မြင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသဖွံ့ဖြိုးရေးနှင့် ကူးသန်းရောင်းဝယ် ရေးအတွက် တာကော်တံတားအား တန် ၆၀ ခံနိုင်ဝန်ရှိသော နှစ်လမ်းသွား သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးမည့် အစီအစဉ်ရှိ/မရှိ၊ ပြုလုပ်ပေးမည်ဟုဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးမည်နှင့် မပြုလုပ်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။