(ခ)-သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအိမ်ရာ စီမံကိန်း အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအိမ်ရာစခန်းသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ခဲ့သည့် အိမ်ရာစီမံကိန်း ၁၁ ခုတွင် ထူးခြားသောအခြေအနေရှိသည့် တစ်ခုတည်းသော စီမံကိန်းဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တော်လှန်ရေးကောင်စီအစိုးရ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်စိန်ဝင်း ဦးဆောင်ပြီး တည်ဆောက်ခဲ့သည့် အိမ်ရာစီမံကိန်းသည် ကိုယ်ပိုင်အိမ်ရာမရှိသော ဝန်ထမ်းများ အိမ်ပိုင်ရာပိုင်ဖြစ်စေရန် စနေ၊ တနင်္ဂနွေနေ့များတွင် လုပ်အားပေးပြီး နာရီ ၂၀၀ ခန့် ဝန်ထမ်းများလုပ်အားဖြင့် တည်ဆောက်ခဲ့သည့် အိမ်ရာစခန်းဖြစ်ပါကြောင်း၊ ယင်းအိမ်ရာစခန်းရှိ လူထုသည် ၉ ကြိမ်မြောက် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲတွင် လူ ၁၅၀၀ ကျော်က နှုတ်ဖြင့်ရော စာဖြင့်ပါ ၎င်းတို့၏ခံစားမှုများကို အိုးအိမ်ဦးစီးဌာနနှင့်ပတ်သက်၍ တင်ပြလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ သုဝဏ္ဏအိမ်ရာသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မြို့ပြစီမံကိန်းများနှင့် မတူဘဲ လစာနှင့် ဝန်ထမ်းများ၏ အိမ်ရာများဖြစ်သည်ဟုဆိုပါက မှန်ကန်မှုရှိပါသလား၊ သုဝဏ္ဏအိမ်ရာစီမံကိန်း စတင်တည်ထောင်စကပင် နှစ်ပေါင်း ၅၀ ခန့်အတွင်း အိုးအိမ်ဦးစီးဌာနက သတ်မှတ်ထားသော အိမ်ငှားရမ်းခများကို သတ်မှတ်ချက်အတိုင်း ပေးသွင်းခဲ့ပြီးဖြစ်ပါ၍ သုဝဏ္ဏအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်သူ ဆောက်လုပ်ရေးဌာနတာဝန်ခံ ဗိုလ်မှူးချုပ်စိန်ဝင်း(ဝန်ကြီး)၊ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးစိုးတင့်၊ အထူးအရာရှိ ဗိုလ်ကြီးမြင့်လွင်တို့ ကိုယ်တိုင်က လုပ်အားပေးများက ကိုယ်အိမ်ကိုယ်ဆောက်တာ ကောင်းအောင်ဆောက်ကြ။ နောင် အနှစ် ၂၀၊ ၃၀ ကြာလျှင် အခမဲ့နေထိုင် ခွင့်ပေးမည်ဟု ပြောကြားခဲ့သည်ကို သိရှိပါသလား၊ သုဝဏ္ဏမြို့ ၂၄၊ ၂၅၊ ၂၉ ပြည်သူ့အိမ်ရာစီမံကိန်းတွင် အိမ်ငှားခပုံမှန်ပေးသွင်းခဲ့သဖြင့် လက်ရှိနေထိုင်ကြသော လုပ်အားပေးများက ကိုယ်ပိုင်အမည်ဖြစ် သတ်မှတ် လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ၊ မူလလုပ်အားပေးသူများနှင့် ၎င်းတို့၏ အမွေစားအမွေခံများဖြစ်သော သားသမီး၊ မြေးမြစ်များက ဥပဒေနှင့်အညီ အသိအမှတ်ပြုပေးရန် အစီအစဉ်ရှိ/မရှိ၊ မူလလုပ်အားပေး နေထိုင်သူများထံမှ ဝယ်ယူနေထိုင်သူများအပေါ် ဝယ်ယူနေထိုင်သူများအမည်ပေါက် ငှားရန်းခပြေစာ ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ၂၅-၃-၂၀၁၄ နေ့ပါ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးမှ အိမ်ငှားရမ်းခ တိုးမြှင့်သတ်မှတ်ခြင်းသည် ကာယကံရှင်ပြည်သူများ၏ သဘောထားရယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့် အတွက် သုဝဏ္ဏအိမ်ရာစီမံကိန်းနေ ပြည်သူများ၏ စားဝတ်နေရေးကိုထိခိုက်သဖြင့် ပြန်လည်သုံးသပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။