(ဃ)-ခန္တီးရတနာမြေသတ်မှတ်ရာတွင် ကျေးရွာပေါင်း (၂၀)၊ အိမ်ခြေပေါင်း ( ၃၅၀၀ ) ကျော်ပါဝင်၍ စိုက်ပျိုးမြေဖော်ထုတ်ရာတွင် အခက်အခဲများစွာကြုံတွေ့နေရပါသဖြင့် ချင်းတွင်းမြစ်မှ (၅/ဝ) မိုင်အကွာမှစတင်သတ်မှတ်ရန် အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးလှထွန်း (ခန္တီး)၁၉၈၂ ခုနှစ်၊ ခန္တီးမြို့နယ်၏ သမိုင်းမှတ်တမ်း၊ စာမျက်နှာ ၃၈ ပါအရ ခရစ်သက္ကရာဇ် ၁၉၃၉ ခုနှစ်၊ အင်္ဂလိပ်အစိုးရလက်ထက်တွင် နာဂတောင်တန်းခရိုင်၊ ခန္တီးရုံးစိုက်ရာကို ဇင်းကလိန်းခန္တီးအဖြစ် သတ်မှတ်ခဲ့ပြီး ခန္တီးမြို့ကို မြို့နယ်အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ ထို့ကြောင့် ခန္တီးမြို့သည် ယခုအချိန်ထိဆိုရင် နှစ်ပေါင်း ၇၆ နှစ်ရှိပြီးဖြစ်ကြောင်း၊  ၁၉၈၂ ခုနှစ်မှာ ရေးဆွဲခဲ့သောမြေပုံအရ ကျောက်စိမ်းတွင်းကို ခန္တီးမြို့က့ မိုင် ၂၀ အကွာ နန်စီဘွန်ဒသမှာ  သတ်မှတ်ခဲ့ပါပြီး မြေဧက ဧရိယာအတိအကျမရှိခဲ့ဘဲ ကျောက်စိမ်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲပါ သတ္တုတွင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၈၉/၂၀၀၁ ဖြင့် ခန္တီးမြို့နယ်၏ ကျောက်စိမ်းတွင်းဧရိယာကို ခန္တီးမြို့ကနေ အထက်ပိုင်း ၄၅ မိုင်၊ တံခွန်ချောင်းအထိ ခန္တီးမြို့ကနေ ချင်းတွင်းမြစ် အောက် မြစ်ကြောင်းအတိုင်း ၃၆ မိုင် ကောင်းဟိန်အထိ ဧကပေါင်း ၇၄၄၃၂၀ သတ်မှတ်ခဲ့သော်လည်း အောက်ပိုင်းတွင် ထမံသီဘေးမဲ့တော အပေါ်ပိုင်းတွင် ဟူးကောင်းဘေးမဲ့တောများကြောင့်  အသားတင် ၆၅၀၀၀၀ ကျန်ရှိပါကြောင်း၊ ယင်းကျန်ရှိသည့်အထဲတွင် မြို့ပေါ် သုံးရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၀ ပါဝင်နေပါကြောင်း၊ မြို့ပေါ်တွင် အခြေချစစ်ဗျူဟာ တပ်ရင်းသုံးရင်း၊ တပ်စွယ် သုံးခု၊ ခရိုင် အဆင့်ဌာနဆိုင်ရာ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရုံးစိုက်ထားခြင်း၊ ကျေးရွာ ၂၀ တွင်ရှိသော ပြည်သူလူထုများသည် ကျောက်စိမ်းဧရိယာလုပ်ကွက်များတွင် ကျရောက်နေခြင်းများကြောင့် လုပ်ကိုင် စားသောက်ရသည်တွင် များစွာစိတ်အနှောင့်အယှက်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားမှုမရှိသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ခန္တီးရတနာမြေကို ချင်းတွင်းမြစ်ကနေ ငါးမိုင်အကွာကနေပြီး ကချင်ပြည်နယ် နယ်စပ်အထိ ပြန်လည် ပြင်ဆင်သတ်မှတ်ဖို့အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။