(င)-နိုင်ငံ့ဝန်ထမ်းများ၏လူနေမှုဘ၀ မြှင့်တင်ပေးခြင်းကို မည်ကဲ့သို့အစီအမံများ ရေးဆွဲဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော် အစိုးရအဆက်ဆက်အနေဖြင့် လစာနှုန်းထား တိုးမြှင့်ပေးခဲ့မှုများသည် ၁၉၇၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ၃၈ နှစ်တာကာလအတွင်း ကိုးကြိမ်ရှိခဲ့ပါသော်လည်း လူမှုပတ်ဝန်းကျင်တိုးတက်မှုနှင့် ကုန်ဈေးနှုန်း တိုးမြင့်မှုမှာ မှန်မှန် မြင့်တက်လာခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် နည်းပညာတိုးတက်လာတာသည်နှင့်အမျှ လူမှု အသုံးအဆောင်ပစ္စည်းများ၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုများသည် လျင်မြန်စွာတိုးတက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် အခြေခံအားဖြင့် မူလတန်းပြဆရာတစ်ဦး၏ မူရင်းလစာ ၈၀၀၀၀ ကျပ်၊ ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်၊ စုစုပေါင်း ၁၁၀၀၀၀ ကျပ်ရှိပါကြောင်း၊ ၎င်းလစာနှုန်းထားသည် စားရေးသောက်ရေးနှင့် လူမှုရေးကိစ္စများ အတွက် အဆင်ပြေနိုင်ပါကြောင်း၊ ၎င်းဝန်ထမ်းပေါ်မီတည်နေရသော မှီခိုသူနည်း/များအပေါ်တွင်လည်း မူတည်ပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းမျာသည် မိမိ၏ လစာကို ချွေတာသုံးစွဲစုဆောင်းကာ လိုအပ်သောအသုံး အဆောင်ပစ္စည်းများကို ဝယ်ယူစုဆောင်းဖြည့်တင်းခြင်းဖြင့် လူနေမှုဘဝကို မြှင့်တင်ရသည့်သဘော ရှိပါကြောင်း၊ ယခုအချိန်တွင် လစာမှပိုငွေကို စုဆောင်းရန် ခက်ခဲသည့်အတွက် နိုင်ငံ့ဝန်ထမ်းများသည် ၎င်းတို့၏ အကျင့်စာရိတ္တနှင့် ဂုဏ် သိက္ခာကို တန်ဖိုးထား ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ ခေတ်နှင့်လျော်ညီသော လူနေမှုဘဝကို တည်ဆောက်ကြမည် ဆိုပါက လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပွားလာနိုင်ပါကြောင်း၊
သို့ပါ၍ နိုင်ငံံ့ဝန်ထမ်းများ၏ လူနေမှုဘဝမြှင့်တင်ခြင်းဖြင့် ဝန်ထမ်းအကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများလျော့ နည်းစေနိုင်ပါ၍ နိုင်ငံ့ဝန်ထမ်းများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ရန် မည်သို့အစီအမံများ ရေးဆွဲဆောင်ရွက်ထားသည်ကို သိရှိလိုပါမေးမြန်းပါသည်။