(ဈ)-ဝေးလံ ခေါင်သီသော ဒေသများတွင် အခြေပြု ထားသောတပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သား များနှင့် မသန်စွမ်း စစ်သည် (အငြိမ်းစား) များ အတွက် နိုင်ငံတော်မှ ကူညီထောက်ပံ့မှုများ နှင့် စပ်လျဉ်းသည့် မေးခွန်း
ဖာပွန်ဒေသကဲ့သို့ ဝေးလံခေါင်သီသော ဒေသများတွင်ရှိကြ သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် နယ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းများသည် ယခုအခါ ဒေသရှားပါး စရိတ် ရရှိခံစားကြနေပြီဖြစ်သည့်အတွက် စားဝတ်နေရေး အထိုက်အလျောက် အဆင်ပြေနေကြပြီဟုဆိုနိုင်သော်လည်း ဝေးလံခေါင်သီသော ဒေသတွင်ရှိသော ကာကွယ်ရေး ဝန်ကြီးဌာန၏ လက်အောက် ရှိ တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် တပ်မတော်သားများသည် ဒေသစရိတ်၊ ရှားပါးစရိတ်ကို ခံစား ခွင့်မရရှိ ခဲ့ကြပါ ကြောင်း၊ ၂၀၀၃ ခုနှစ် မတိုင်မီ အဆိုပါဒေသမျိုးတွင်ရှိသော တပ်မတော် သားများ၏ မှီခိုသူမိသားစုဝင်များကို ဆန်၊ ဆီ၊ ပဲ၊ ဆား အစရှိသော မိသားစုရိက္ခာ၊ ယူနစ်ရိက္ခာအဖြစ် ထုတ်ပေးခဲ့သော်လည်း ၂၀၀၃ ခုနှစ်ခန့်ကနေစတင်ကာ ထုတ်ပေးခြင်း မပြုတော့ကြောင်း၊ ထို့အပြင် မသန်စွမ်းစစ်သည်ဆိုသည်မှာလည်း တိုင်းပြည်နှင့် နိုင်ငံအတွက် မိမိ၏ခန္ဓာကိုယ်ကို စွန့်လှူ ထားခဲ့ကြသူများဖြစ်ပြီး မသန်စွမ်းစစ်သည်များသည် အများနည်းတူ စစ်ရေးတာဝန် ထမ်းဆောင်နိုင် စွမ်းမရှိခြင်း၊ အငြိမ်းစား ဘဝနှင့် ရပ်တည်ရန်လည်း မသန်စွမ်းဘဝဖြင့် ပြင်ပလောကတွင် အလုပ်အကိုင် ရှာဖွေရရှိရန် မလွယ်ကူလှသည့်အတွက် သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ မိသားစုစားဝတ်နေရေးကို အနိုင်နိုင်ရင်ဆိုင်ဖြေရှင်းနေကြရပါကြောင်း၊ ယခုအခါ တပ်မတော်က အငြိမ်းစားတွေအတွက် စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောက်လုပ်ရန် နေရာချထားပေးနေသောကြောင့် ဖာပွန်မြို့တွင် စစ်မှုထမ်းဟောင်းအိမ်ရာ ၁၀ လုံးဆောက်လုပ် ပေးထားခြင်းကို တွေ့ရှိရသော်လည်း လိုအပ်ချက်များစွာ ရှိနေသေးပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ဖာပွန်ကဲ့သို့ ဝေးလံခေါင်သီသော ဒေသများတွင် အခြေစိုက်၊ အခြေပြုထားကြသော တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၏ မိသားစုများအား မိသားစုရိက္ခာများပြန်လည်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့် အချိန်တွင် စတင်ထုတ် ပေးနိုင်မည်နှင့် အစီအစဉ် မရှိလျှင်မည်သို့သော အကြောင်းများကြောင့် ထုတ်မ ပေးနိုင် သည်ကို သိရှိလိုပါကြောင်း၊ (၂) မသန်စွမ်းစစ်သည်အငြိမ်းစားများအတွက် နိုင်ငံတော်မှ မည်သို့သော ထောက်ပံ့ ကူညီမှုများ ပေးနေကြောင်းနှင့် မသန်စွမ်း စစ်သည်အငြိမ်းစားအားလုံးအတွက် အိမ်ရာများဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။