(ခ)-ယင်းမာပင်မြို့နယ်၊ ညောင်ကိုင်းကျေးရွာ တိုက်နယ်ဆေးရုံအား ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခွင့် ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ညောင်ကိုင်းကျေးရွာ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော်မှ ၁-၁-၂၀၁၆ ရက်စွဲ ပါစာအမှတ်၊ ကမဘ/ဃ-၁၄၈၆/၉၃၆ ဖြင့် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံအတွက် ဆရာဝန် တစ်ဦး၊ ဓာတ်ခွဲကျွမ်းကျင် တစ်ဦး၊ အထက်တန်းသူနာပြု နှစ်ဦး စုစုပေါင်း ဝန်ထမ်းလေးဦး စေလွှတ် ခန့်ထားပြီး ဖြစ်ကြောင်းလည်း သိရှိရပါကြောင်း၊ ညောင်ကိုင်း တိုက်နယ်ဆေးရုံသည် ဖွင့်လှစ်ခွင့်ပြုပြီး ဖြစ်သော်လည်း ဆေးရုံအဆောက်အဦ ဆောက်လုပ်ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ခွဲဝေရာတွင်လည်း ပါဝင်မှု မရှိသည်ကို သိရှိရပါကြောင်း၊ ဆေးရုံ ဆောက်လုပ်ရေး ရန်ပုံငွေ ချထားပေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာနက ၂၇-၁၂-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ၂၇၆၂/ဆေးရုံတိုးမြှင့်/၂၀၁၆ ဖြင့်လည်းကောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က ၁၁-၁-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၄/၈-၆(၁၀)/၃၂၂/ကသ ဖြင့်လည်းကောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကို ရည်ညွှန်းပါစာဖြင့် ပေးပို့ညှိနှိုင်းခဲ့ပါသော်လည်း ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက် Mini ဘတ်ဂျက်တွင်လည်း ထည့်သွင်းလျာထားခဲ့ခြင်း မရှိသည်ကို သိရှိရကြောင့်။ လက်ရှိတွင် ညောင်ကိုင်းတိုက်နယ် ဆေးရုံအတွက် ခန့်ထားသည့် ဆရာဝန် အပါအဝင် ဝန်ထမ်းလေးဦးသည် ညောင်ကိုင်းတိုက်နယ် ဆေးရုံအဆောက်အဦ မရှိသည့်အတွက် ယင်းမာပင် ပြည်သူ ဆေးရုံကြီးတွင် သွားရောက် တာဝန်ထမ်းဆောင်နေသည်ကို သိရှိရကြောင်း၊ ဘဏ္ဍာငွေ ချထားပေးပါက ဆောက်လုပ်ရန် မြေနေရာလည်း အသင့်ရှိပြီး ဖြစ်ကြောင်း ယခင်က တင်ပြခဲ့သည့် အမှုတွဲတွင် ပြည့်စုံစွာ ဖော်ပြထားပြီး ဖြစ်ကြောင်း၊
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက် လျာထားရာတွင် မပါရှိသော်လည်း ဒေသခံ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အမှန်တကယ် လိုအပ်သည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တစ်နှစ်စာ ဘတ်ဂျက်ကြီး BE တွင် ထည့်သွင်း လျာထားနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။