(ဃ)-တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြကျေးရွာတွင် တိုက်နယ်ဆေးရုံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ကင်းတောင်စံပြကျေးရွာသည် တောင်ကုတ်-မအီ-အမ်း ကားလမ်းမကြီး၏ဘေး တောင်ကုတ်မြို့နှင့် ၁၁ မိုင် ၂ ဖာလုံခန့် ကွာဝေးပါကြောင်း၊ ကျေးရွာတွင် အိမ်ခြေပေါင်း ၈၅၀ ခန့်ရှိပြီး လူဦးရေစုစုပေါင်း ၄၂၈၅ ဦးခန့် နေထိုင်လျက်ရှိပါကြောင်း၊ ကျေးရွာတွင်းလမ်းများတွင်လည်း ကျယ်ဝန်းပြီး အချိန်အခါမရွေး ကားကြီးများ ဝင်ထွက်သွားလာနိုင်သော ရွာကြီးတစ်ရွာလည်း ဖြစ်ပါကြောင်း၊ ကျေးရွာတွင်း အထက်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်းတစ်ကျောင်း စုစုပေါင်း နှစ်ကျောင်းရှိပြီး ကျောင်းသားဦးရေပေါင်း ၁၀၀၀ ကျော် ပညာသင်ကြားလျက်ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနတစ်ခုရှိပြီး ကျန်းမာရေးမှူးအပါအဝင် ဝန်ထမ်းခြောက်ဦးဖြင့် ဖွဲ့စည်းထား သည့်အပြင် ကျေးရွာအတွင်း ရဲစခန်းရှိပြီးရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ အဆိုပါ ရဲစခန်းသည် ယခုတိုက်နယ်ဆေးရုံ တည်ဆောက်မည့်နေရာနှင့် လမ်းမြေခြားပြီး မျက်နှာ ချင်းဆိုင်အနေအထားရှိပါကြောင်း၊

တိုက်နယ်ဆေးရုံဖွင့်လှစ်မည်ဆိုပါက ကင်းတောင်စံပြကျေးရွာနှင့် ဆက်စပ်လျက်ရှိသည့် ရွာပေါင်း ၁၉ ရွာကို ကားလမ်းဖြင့်လည်းကောင်း၊ ကျေးရွာပေါင်း ၁၄ ရွာကို ရေလမ်းဖြင့် လည်းကောင်း အထောက်အကူ ပြုသွားမည်ဖြစ်ပါကြောင်း၊ ကင်‌းတောင်တိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာ သာမန်တောင်သူ၊ လက်လုပ်လက်စားနှင့် အခြေခံလူတန်းစားများဖြစ်ကြပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမှာ ဝန်ထမ်းအင်အားနည်းပါးပြီး လက်လှမ်းမမီမှု၊ ငွေကြေးမပြည့်စုံမှု၊ ဆေးရုံနှင့်အလှမ်းဝေးကွာမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် လမ်း၌ပင် အသက်ဆုံးရှုံး သွားသူများမှာ ပုံစံမျိုးစုံရှိခဲ့ပါကြောင်း၊

ယခုတိုက်နယ်ဆေးရုံ ဆောက်လုပ်ရန် မြေနေရာခုနစ်ဧက ရှိပါကြောင်း၊ ရေလမ်းဖြင့် သွားရသည့် ရွာပေါင်း ၁၄ ရွာမှ ချောင်းဖျားအထိ ချောင်းလမ်းကြောင်းပေါ်မှ လမ်းလျှောက်ပြီး လူနာများကိုထမ်းပိုးပြီး စက်လှေမှတစ်ဆင့် ကင်းတောင်ကိုသယ်ပြီး ကင်းတောင်မှတစ်ဆင့် တောင်ကုတ်ဆေးရုံကို ကားနှင့်တစ်ဆင့်သယ်ခြင်း ဖြစ်ပါကြောင်း၊ မိုးရာသီဆိုလျှင် ချောင်းရေလျှံခြင်းဖြစ်သည့်အတွက် လမ်းမရှိ၊ ကမ်းမရှိသွားရသည့် ရွာများဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်ဆံသည့် နေရာတွင် နွေရာသီအချိန်ခါမှသာလျှင် ချောင်းကို ဖြတ်ကူးပြီး သွားနိုင်ခြင်းဖြစ်ပါကြောင်း၊ လှည်းလမ်းရှိသော်လည်း နွေရာသီဆိုလျှင် ရေများအကုန်မြုပ်ပါကြောင်း၊ အဓိက လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်ခဲသည့်အခါ ကင်းတောင်ကိုတစ်ခါ၊ ကင်းတောင်မှ တောင်ကုတ်ကို ၁၁ မိုင်ကျော်သွားရသည့်အခါကျ အသက်မမီဘဲ လမ်းတွင်ဆုံးရသည့် လူနာများရှိခြင်းကြောင့် တိုက်နယ်ဆေးရုံဆောက်လုပ်ရန် မြေခုနစ်ဧက ရှိနေသည့်အတွက် ကင်းတောင်တိုက်နယ်ဆေးရုံကို တည်ဆောက်ပေးမည်ဆိုလျှင် တိုက်နယ်တစ်ခုလုံးမှ ပြည်သူများ ထိုက်သင့်သလောက် အခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကင်းတောင်စံပြကျေးရွာတွင် တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။