(င)-ခေါင်လန်ဖူးမြို့နယ်ရှိ ရှီးလန်ဒမ်းအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာနများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ပိုင်း ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၄၆၈၀ တည်ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၂၀၈၃.၃၉ ကျယ်ဝန်းပါကြောင်း၊ ကျေးရွာအုပ်စုပေါင်း ၂၃ အုပ်စု ရှိပြီး လူဦးရေမှာ ၁၅၀၀၀ ကျော် နေထိုင်သည့် မြို့နယ်ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်တွင် ဆေးရုံတစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာန သုံးခုနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲ ငါးခုသာရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အနည်းဆုံးမြို့နယ် ဖြစ်ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် အထူးဦးစားပေး ဆောင်ရွက်ပေးရမည့် မြို့နယ်လည်း ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရှီးလန်ဒမ်းအုပ်စု၊ နမ့်ချိန်အုပ်စု၊ ရာမန်အုပ်စု၊ ဖက်ဖုန်းအုပ်စုတို့မှာ မြို့နှင့် အလှမ်းဝေးသဖြင့် ဌာနဆိုင်ရာလူကြီးများ အရောက်အပေါက်မရှိသည့် ကျေးရွာအုပ်စု ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ လူနာများမြို့ပေါ်ကို ဆေးဝါးကုသမှုခံယူနိုင်ရန်အတွက် ခြေလျင်ခရီးဖြင့် ခက်ခက်ခဲခဲကျော်ဖြတ်ပြီး ငါးရက်ခန့်သွားလာမှ ဆေးရုံကိုရောက်ရှိသော်လည်း တာဝန်ကျ ဆရာ/မများမရှိခြင်း၊ ဆေးဝါးမပြည့်စုံခြင်းတို့နှင့် ကြုံတွေ့နေရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ဆောင်ရွက်နေသည့် မူဝါဒနှင့်ရည်မှန်းချက်များသည် အလွန်ပင် ကောင်းမွန်သော်လည်း ဝေးလံခက်ခဲသည့် တောင်ပေါ်ဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှု အနည်းဆုံးဖြစ်နေသည်ကို စိတ်မကောင်းစွာ တွေ့မြင်နေရပါကြောင်း၊ အခြားမြို့ကြီး ပြကြီးများတွင် ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ အစုံအလင်ရှိနေသော်လည်း မိမိတို့ခေါင်လန်ဖူး မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းမပြည့်စုံခြင်း၊ တာဝန်ကျဆရာဆရာမများ အချိန်ပြည့်မရှိနိုင်ခြင်း၊ ဆေးဝါးမလုံလောက်ခြင်းတို့ကြောင့် ဒေသခံပြည်သူများအတွက်များစွာ နစ်နာဆုံးရှုံးနေရပါကြောင်း၊ အရည်အချင်းရှိ ကျန်းမာရေးဝန်ထမ်းများ ဖွဲ့စည်းပုံပြည့်စေလွှတ်ပေးရန် တင်ပြလိုပါကြောင်း၊ အချို့ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆေးဝါးများအနည်းအကျဉ်း ရှိသော်လည်း တာဝန်ကျဆရာ/မများ အချိန်ပြည့်မရှိခြင်းတို့ကြောင့် ဆေးဝါးများမှာ သက်တမ်းလွန်ဆေးဝါးများ ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် ဝေးလံခက်ခဲပြီး ဆေးဝါးကုသမှု ခံယူနိုင်ခြေနည်းပါးသည့် ဒေသများတွင်နေထိုင်သော ပြည်သူများလွယ်လင့်တကူ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ရန်အထူးအရေးကြီးခြင်းကြောင့် ရှီးလန်ဒမ်းကျေးရွာအုပ်စု၊ နမ့်ချိန်အုပ်စု၊ ရာမန်အုပ်စုတွင် နေထိုင်သော မိဘပြည်သူများလွယ်လင့်တကူ ဆေးဝါးကုသမှုခံယူနိုင်ရန်အတွက် ရှီးလန်ဒမ်းကျေးရွာအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။