(ဂ)-မြန်မာ့မီးရထားလုပ်ငန်းမှ ဆက်သွယ်ရေးအတွက် အသုံးပြုလျက်ရှိသောကြေးနန်းကြိုးများနှင့်တိုင်များ ကိုပြုပြင်ထိန်းသိမ်းပေးနိုင်ခြင်းရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-17

ဦးတင်ထွေး (အုတ်ဖို) ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်အတွင်းသို့ ဖြတ်သန်း ခုတ်မောင်းအသုံးပြု လျက်ရှိသော ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန မြန်မာ့မီးရထားလုပ်ငန်း၏ မီးရထားဘူတာရုံများအချင်းချင်း ဆက်သွယ်ရေးအတွက် သွယ်တန်းထားသော မြို့နယ်အတွင်းရှိ မိုင်တိုင်အမှတ် ၉၄/၇ မှ ၁၀၅/၅ အထိ အရှည်အားဖြင့် ၉.၅ မိုင်ရှည်လျားသော ကြေးနန်းကြိုးများ၊ သံတိုင်များသည် သစ်ပင်ကြီးများ သဘာဝဘေးများကြောင့် ယိုင်လဲခြင်း၊ ကြိုးများ ပြုတ်ကျနေခြင်းများဖြစ်ပေါ်လျက် ရှိနေပါကြောင်း၊ အဆိုပါမီးရထားလမ်းမကြီးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ရန်ကုန်-ပြည် မီးရထားလမ်းကြီးဖြစ်ပြီး နှစ်ပေါင်း ၁၃၀ ကျော် ကြာမြင့်သည့် အတွက် ကြိုးများပြုတ်ကျနေခြင်း၊ သံတိုင်များလဲနေခြင်းတို့ကြောင့် နိုင်ငံပိုင် ပစ္စည်းများဖြစ်သော ကြေးနန်းကြိုးများကို အလွယ်တကူ ဖြတ်တောက် ရယူနေခြင်းများ ရှိနေပါကြောင်း၊ တာဝန်သိ ပြည်သူတို့၏ သတင်းပေးမှုအရ ဖမ်းမိသော လူများ ကို ဥပဒေအရ အရေးယူခြင်းများ တွေ့မြင်သိရှိနေရသော်လည်း မဖမ်းမိဘဲ ပျောက်ဆုံး ဆုံးရှုံးနေသော နိုင်ငံပိုင်ပစ္စည်းများ မည်မျှရှိနေမည်ဆိုသည်ကို မသိရှိနိုင်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူ များကလည်း ၎င်းကြိုးများ၊ တိုင်များ ကို ပြန်လည်စိစစ်သင့်ပါကြောင်း၊

ယနေ့အချိန်တွင် ဘူတာရုံများသည် အဆင့်မြင့် ဆက်သွယ်ရေးစကားပြောစက်များနှင့် ဆက်သွယ်အသုံးပြုနေပြီဖြစ်ပါ၍ ရေရှည်အသုံးပြုနိုင်ရန် မြန်မာ့မီးရထားလုပ်ငန်းမှ ဆက်သွယ်ရေးအတွက် အသုံးပြုလျက်ရှိသော ကြေးနန်းကြိုးများနှင့် တိုင် များကို စနစ်တကျ ပြုပြင်ထိန်းသိမ်းပေးနိုင်ခြင်း ရှိ/မရှိနှင့် နိုင်ငံပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် အမြန် ဆုံး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။