(ဃ)-ချင်းပြည်နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု နယ်နိမိတ်များမှန်ကန်တိကျစေရေးအတွက်ဆောင် ရွက်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း
ချင်းတိုင်းရင်းသားများသည် ဘိုးဘွားအစဉ်အဆက် တောင်ယာကို အဓိကစိုက်ပျိုးလုပ်ကိုင်နေ လျက်ရှိရာ နှစ် စဉ် တောင်ယာခုတ် ရာတွင် ကျေးရွာ အုပ်စု တစ်ခုနှင့် တစ်ခုဖြစ်စေ၊ ကျေးရွာအတွင်း ရှိ ကျေးရွာတစ်ရွာနှင့် တစ်ရွာဖြစ်စေ နယ်နိမိတ်အပေါ် ပြဿနာများ မကြာခဏဖြစ်ပေါ် လျက်ရှိ ပါကြောင်း၊ ယခင်အင်္ဂလိပ်လက်ထက်တွင် ချင်းတောင်တန်း စည်းမျဉ်းဥပဒေ ၁၈၉၂ ပြဋ္ဌာန်းကာ ရှေးအစဉ် အဆက်ရှိခဲ့သော ကျေးရွာများ၏ နယ်နိမိတ် ကို ပြန်လည် သတ်မှတ်ခဲ့ပြီး ကျေးရွာအကြီးအကဲများ ခန့်အပ်တာဝန်ပေး ရာတွင် ကျေးရွာအကြီး အကဲခန့်အပ်သော အမည်၌ ၎င်းတို့စီရင်အုပ်ချုပ်ရ မည့် ကျေးရွာ နယ်နိမိတ်များကို ဖော်ပြထားပြီး သူကြီးခန့်အပ်သည့် မှတ်ပုံတင် စာအုပ်မှ မှတ်တမ်းရေးသွင်းထားသည်ကို တွေ့ရှိခဲ့ပါကြောင်း၊
ချင်းပြည်နယ်အတွင်း ကျေးရွာနယ်နိမိတ်များကို ၁၉၃၅ ခုနှစ်၊ ၁၉၄၈ ခုနှစ်၊ ၁၉၇၃ ခုနှစ်နှင့် ၁၉၇၄ ခုနှစ်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရန် ချင်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး အဆင့် နယ်နိမိတ်များကို ယခင်ရှိပြီး နယ်နိမိတ်မှတ်တိုင်များနှင့် ပြန်လည်စိစစ်ပြီး အတည်ပြုခဲ့ သည်ဟု လေ့လာ သိရှိခဲ့ရပါကြောင်း၊ သို့သော် နောက်ပိုင်း အစိုးရလက်ထက်တွင် နယ်နိမိတ်မှတ်တိုင် များကို ရွေ့ပြောင်းခြင်း များကြောင့် မှတ်တိုင်များ အတိအကျမရှိ၍ ပြဿနာများဖြစ်ပေါ်လာပြီး ချင်းပြည်နယ်သည် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းများနှင့် နယ်နိမိတ်ပြဿနာများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဤသို့ဖြစ်ပေါ်ရခြင်း၏ အဓိကအားနည်းချက်မှာ
(၁) ရပ်ကွက်/ ကျေးရွာအုပ်စု အကြီးအကဲ ရွေးချယ်ခန့်ထားရာတွင် ၎င်းတို့စီရင်အုပ်ချုပ်ရမည့် နယ်နိမိတ် အတိအကျ သတ်မှတ်ဖော်ပြချက် မရှိခြင်း။
(၂) ရပ်ကွက်/ ကျေးရွာအုပ်စု၏ နယ်နိမိတ်ဖော်ပြချက် မှတ်တမ်းမြေပုံ များကို ကျေးရွာတွင် လည်းကောင်း၊ မြို့နယ်ဦးစီး ဌာနတွင်လည်းကောင်း တိတိကျကျ မရှိခြင်း။
(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တာဝန်လွှဲပြောင်းချိန်တွင် မြို့နယ်မြေစာရင်း ဦးစီးဌာနမှ မြေပြင် ကွင်းဆင်းပြသမှု အစဉ်အလာ မရှိခြင်း။
(၄) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိတာဝန်ကျသည့် ရပ်ကွက်/ ကျေးရွာအုပ်စု များကို ခွဲဝေ ထားခြင်းနှင့် ယခင် အင်္ဂလိပ်အစိုးရကဲ့သို့ လစဉ်ပုံမှန်ကွင်းဆင်း၍ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ခြင်းမရှိခြင်းတို့ကြောင့် နယ်နိမိတ်ပြဿနာ များ ဖြစ်ပေါ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ (၁) ကျေးရွာ/အုပ်စုနယ်နိမိတ်မှတ်တိုင်များကို ယခင်ကဲ့သို့ သေသေ ချာချာစိစစ်ပေးပြီး တိုင်များ ပြန်လည်စိုက်ထူပေးရန်၊
(၂) ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်ထားရာတွင် စီရင်အုပ်ချုပ်ရမည့် နယ်နိမိတ်ဖော်ပြပြီး အုပ်ချုပ် ရေးမှူး ခန့်အပ်မှုမှတ်ပုံတင်စာအုပ် ပြန်လည် ထားရှိပေးရန်၊
(၃)မြို့နယ်မြေစာရင်းဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ မြေပြင်ကွင်းဆင်း ပြသနိုင်ရန်၊
(၄) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဒုတိယဦးစီးမှူးများကို မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု အပိုင်းလိုက်တာဝန်ခွဲပြီး လစဉ်ကွင်း ဆင်းစေ ကာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်များ စိစစ်ခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်းများ ပြုလုပ်ရန် တို့ကိုမေးမြန်းပါသည်။