(ဃ)-အင်ဂျန်းယန်မြို့နယ်အား အော်ဂဲနစ်ဇုန်အဖြစ် သတ်မှတ်ပေးရန် နှင့်စပ်လျဉ်းသည့်မေးခွန်း
အင်ဂျန်းယန်မြို့နယ်သည် နှစ်ပေါင်း ၆၀ နီးပါး တိုက်ပွဲများကြားတွင် ရှိနေခြင်း၊ လမ်းပန်းဆက်သွယ်ရေး အင်မတန် ဆိုးရွားခြင်းတို့ကြောင့် ယနေ့အချိန်ထိ မည်သည့်စီးပွားရေးသမားမျှ လာရောက်ခြင်းမရှိသော နေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုချိန်ထိ အရာရာတိုင်းသည် သဘာဝအတိုင်း ရှိနေ ဆဲဖြစ် ပြီး ဒေသခံများသည်လည်း တောင်ယာစိုက်ပျိုးခြင်းနှင့် အသက်မွေးဝမ်းကျောင်း ကြသည့်အတွက် အလွန်ပင် ဆင်းရဲနွမ်းပါးသောကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရန် အထူးပင် လိုအပ်သော ဒေသဖြစ်သည့်အပြင် ရေရှည်တည်တံ့ ဖွံ့ဖြိုး တိုးတက်သော စိုက်ပျိုးရေး၊ မွေးမြူရေးနည်းစနစ်များလည်း လိုအပ်ပါကြောင်း၊ ယခုအချိန်ထိ အဆိုပါ ဒေသတွင် စိုက်ပျိုးသော စပါးနှင့် တောင်ယာ သီးနှံပင် များ မွေးမြူထားသော ကြက်၊ဝက်၊နွားများသည် သဘာဝကို ကျော်လွန်ခြင်း မရှိသေးသော အရင်းအမြစ်ကောင်းများကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အင်ဂျန်းယန်မြို့နယ်ကို သြဂဲနစ်ဇုံအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်တွင် စတင်နိုင်မည်နည်း။ အစီအစဉ်ရှိပါက ယခုအချိန်မှစတင်၍ သြဂဲနစ်ဇုံ သတ်မှတ်နိုင်ရေးဇုံများ၊ စိုက်ပျိုးရေးနည်း စနစ်များနှင့် အခြားလိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။