(ဂ)-ကန်ကြီးထောင့်မြို့၊ဒါးကမြစ်ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြိုကျမှုအန္တရာယ်ကိုကာကွယ်တားဆီးနိုင်ရေး အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ အမှတ်(၁)ရပ်ကွက် မြို့လယ် ကမ်းနားလမ်းနှင့် ပဒေါင်းပိုင်းကမ်းနားလမ်းတို့တွင် နေထိုင်ကြသော ဒေသခံများ၏ အိမ်များသည် နှစ်စဉ် ဒါးကမြစ်ရေတိုက်စားခြင်းကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြင့်တွေ့ကြုံနေရပြီး ယခုနှစ်တွင်ပိုမို ဆိုးရွားစွာ ဖြစ်ပေါ်နေပါကြောင်း၊ ရပ်ကွက်အတွင်းရှိ လမ်းကို ထိခိုက်ပျက်စီးလျက်ရှိခြင်း၊ ရပ်ကွက်အတွင်းရှိ အိမ် အလုံး ၄၀ သည်လည်း အန္တရာယ်ကျရောက်မည့် အခြေအနေဖြစ်ပေါ်နေခြင်း၊ ကမ်းပါးနှင့် အိမ်များသည် အနီးဆုံးပေ ၅၀ ခန့်သာ ကွာဝေးလျက်ရှိခြင်း တို့ကြောင့်မြို့အနေနှင့် စိုးရိမ်ဖွယ်ဖြစ်နေပါကြောင်း၊ လူထုအနေဖြင့် သဲအိတ်၊ သစ်ဝါး၊ ဗေဒါတိုင်များနှင့် အမှိုက် များအသုံးပြုပြီး ကမ်းဆယ်လျက်ရှိသော်လည်း လူထုအားဖြင့် လုံခြုံစိတ်ချစွာမဆောင်ရွက်နိုင်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြစ်ကြောင်း ထိန်းသိမ်းရေးနှင့် ဌာနဆိုင်ရာများ က လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်းကြည့်ရှု၊ မှတ်တမ်း ဓာတ်ပုံများရယူခဲ့ကြပြီး၊ ယင်းမေးခွန်းနှင့် အဖြေကို ဒေသခံများမှ စောင့်မျှော်လျက်ရှိနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ဒါးကမြစ်ရေ တိုက်စားခြင်းကြောင့် မြစ်ကမ်း ပါးပြို ကျမှုနှင့် ဆက်နွယ်လျက်ရှိသော အန္တရာယ်များကို ကာကွယ်တားဆီးပေးရန် အစီအစဉ်ရှိ/မရှိ ကို သိရှိလိုကြောင်းမေးမြန်းပါသည်။