(စ)-ရန်ကင်းမြို့နယ်အမှတ်(၅)ရပ်ကွက်အတွင်းရှိဖျက် သိမ်းမည့်တိုက်ဟောင်း(၆)တိုက်မှအိမ်ထောင်စု များအားအမြန်ပြောင်းရွှေ့နေရာချထားပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ရန်ကင်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက် စက်မှု (၁) လမ်းနှင့် ရန်ရှင်းလမ်းထောင့်ရှိ တိုက်အဟောင်း ၆ လုံးကိုဖျက်သိမ်းပြီး ယင်းနေရာတွင် ပညာ့ဝတီအိမ်ရာစီမံကိန်း (၂) ကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ရာ အဆိုပါ တိုက်အဟောင်း ၆ လုံးတွင် နေထိုင်ကြသော မူလနေထိုင်သူများကို အသစ် ဆောက်လုပ်လျက်ရှိသော ဌာနပိုင်မြေကွက်အမှတ် ၈ နှင့် ၉ တွင် ပြန်လည်နေရာချထား ပေးမည်ဖြစ်ကြောင်းကို ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် သဘောတူညီချက်ရယူပြီး စီစဉ်ဆောင်ရွက်ခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အထက်ဖော်ပြပါဖျက်သိမ်းမည့် တိုက်အဟောင်းများမှ အိမ်ထောင်ဦးစီးများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရာတွင် ယခင်ရန်ရှင်းလမ်းပေါ်ရှိ တိုက်အဟောင်း ၆ လုံးကိုဖျက်သိမ်းပြီး ယခင်ကကဲ့သို့ Owner book ပေး၍ အပိုင်ချထားပေးသည့်စနစ်ကို လိုလားကြသည်ဟု တင်ပြခဲ့ကြရာ ယခုအခါ တိုက်အသစ်များဆောက် လုပ်ပြီးဖြစ်သောကြောင့် ယင်းတိုက်အသစ်များကို အပိုင်ပေးစနစ်ဖြင့် ပြောင်းရွှေ့နေရာချထားပေး ရေးကို အမြန်ဆောင်ရွက်ပေးရန် လိုလားလျက်ရှိကြပါကြောင်း၊ ထို့ကြောင့် ဖျက်သိမ်းမည့် တိုက်အဟောင်း ၆ တိုက်မှ အိမ်ထောင်စုများအား မူလအစီအစဉ်အတိုင်း အမြန်ပြောင်းရွှေ့နေရာချထားပေးနိုင်ပါရန်နှင့် မည်သည့်အချိန်တွင် ချထား ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။