(ည)-ပူတာအိုခရိုင်အတွင်းလိုအပ်မည့်ယန္တရား များဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပူတာအိုခရိုင်သည် ယခုအချိန်ထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသ တစ်ခုဖြစ်ပြီး မြို့နယ်ချင်း ဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများကို အသစ်ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသော်လည်း ၂၀၁၂-၁၃ ခု ဘဏ္ဍာရေးနှစ်တွင် စတင်ပေးခဲ့သော ပူတာအို-မချမ်းဘော-နောင်မွန်း ကားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းမှာ ယခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နှစ်ဝက် အထိ ပြီးစီးခြင်းမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့နှောက်နှေးနေရခြင်းမှာ သက်ဆိုင်ရာ/ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် အားနည်းခြင်းကြောင့်မဟုတ်ဘဲ လုပ်ငန်းသုံးယန္တရားများ လုံလောက်မှု မရှိခြင်းကြောင့်ဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပူတာအိုခရိုင်တွင် အမှန်တကယ်လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးဌာနသုံး ယန္တရားများကို သက်ဆိုင်ရာမှ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် ဖြည့်ဆည်းပေးမည်ဆိုပါက မည်သည့်ယန္တရားအမျိုးအစားများကို မည်သည့်အချိန်တွင် ဖြည့်ဆည်းပေးမည် ကိုသိရှိလို ပါကြောင်း မေးမြန်း ပါသည်။